မင်းပြားမှာ စစ်ရေယာဉ်တစ်စင်းကို AA တိုက်ခိုက် နှစ်မြှုပ်
2024.02.12

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ရေတပ်ကမ်းထိုးဇက်ရေယာဉ်တစ်စီးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ တိုက်ခိုက် နှစ်မြှုပ်ခဲ့တယ်လို့ AA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က အဲဒီနေ့ညမှာပဲ ထုတ်ပြန်ပါတယ်။
လေးမြို့မြစ်ကြောင်းအတိုင်းတက်လာတဲ့ အဲဒီ ကမ်းထိုးဇက်ရေယာဉ်ကို ကျားရဲပြင်ရွာနားမှာ AA က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ မင်းပြားမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က ရေတပ် တက်တယ်။ အဲဒါကို AA က ကြားဖြတ်တိုက်တော့ နှစ်မြှုပ်သွားတာပါ။ အဲဒီ ရေတပ် အတိုက်ခံရတော့ စစ်ကောင်စီဘက်က ဂျက်လေယာဉ် တစ်စင်းနဲ့ မင်းပြားမြို့နဲ့ အနီးဝန်းကျင်ကို လာပစ်ခဲ့ပါတယ်”
အဲဒီလို စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား လေးဦး ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာနားမှာ စစ်ကောင်စီ ရေတပ်ရဲ့ စစ်ရေယာဉ် သုံးစင်းကို ရက္ခိုင့်တပ်တော် (AA) က နှစ်မြှုပ်အောင် တိုက်ခိုက်ခဲ့ပါတယ်။
အခုလို စစ်ကောင်စီရေတပ် ဇက်ရေယာဉ်တွေ နှစ်မြှုပ်အောင် အတိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိပါဘူး။
မင်းပြားမြို့မှာရှိတဲ့ ခမရ (၃၇၉)၊ (၃၈၀) နဲ့ (၅၄၁) စတဲ့ တပ်ရင်း သုံးရင်းလုံးကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA) က အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် မြို့ကိုပါ AA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။