AA သိမ်းထားတဲ့ မင်းပြားမှာ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2024.02.12
AA သိမ်းထားတဲ့ မင်းပြားမှာ တိုက်ပွဲပြင်းထန်နေ ၂ဝ၁၉ ခုနှစ်က တွေ့မြင်ရသည့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ မြင်ကွင်း။
Photo: RFA

ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကျားရဲပြင်ရွာနားမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လယ်ကစလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က မနေ့က ညနေ ၆ နာရီလောက်အထိ ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက် ပစ်ခတ်တာကြောင့် မင်းပြားမြို့က နေအိမ်တွေ မီးလောင်နေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးပြောပါတယ်။ စစ်ကောင်စီရဲ့ ရေတပ် စစ်သင်္ဘောနှစ်စင်းလည်း မြစ်အတွင်းမှာ မီးလောင်နေတယ်လို့ ဆိုပါတယ်။

“အခု မင်းပြားမှာတိုက်ပွဲဖြစ်နေပါတယ်။ နေ့လယ်ကစလို့ ဖြစ်တာပါ။ စစ်ကောင်စီတပ်က နေဗီသင်္ဘောနှစ်စင်း တက်လာတယ်။ အဲဒါကို AAက ကြားဖြတ်တိုက်ခိုက်တာပါ။ အဲဒီ နေဗီသင်္ဘောနှစ်စင်းလုံး မီးလောင်နေပါတယ်။ အဲဒီ စစ်ကောင်စီတပ်ကလည်း ဂျက်လေယာဉ်နှစ်စီးနဲ့ လာပစ်ပါတယ်။ မင်းပြားမြို့ထဲ အိမ်တွေ မီးလောင်နေတာကို မြင်ရတယ်။ အခု ကျွန်တော် ဖုန်းပြောနေချိန်မှာတော့ လေယာဉ်ဝဲနေပါတယ်”

အဲဒီလို ဂျက်တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်လို့ ဒေသခံတချို့ဒဏ်ရာရတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

မင်းပြားမြို့မှာရှိတဲ့ ခမရ(၃၇၉)၊(၃၈၀)နဲ့ (၅၄၁) စတဲ့ တပ်ရင်း သုံးရင်းလုံးကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ရက္ခိုင့်တပ်တော်(AA)က အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် မြို့ကိုပါ ထိန်းချုပ်ထားတာပါ။ ဒါပေမဲ့ ဒေသခံအများစုကတော့ မြို့ထဲကို ဝင်လာလို့မရသေးဘဲ အခုအထိ ထွက်ပြေးတိမ်းရှောင်နေရဆဲလို့လည်း ဆိုပါတယ်။

အခုလို မင်းပြားမြို့ မြစ်ထဲမှာ စစ်ကောင်စီ ရေတပ်စစ်သင်္ဘောနှစ်စင်း ထပ်မံမီးလောင်နေတာနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ တိုက်ပွဲနဲ့ပတ်သက်ပြီး AA ပြောခွင့်ရ ဦးခိုင်သုခနဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီကိုလည်း RFA က မေးမြန်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့ကတော့ ကျောက်တော်မြို့နယ် အပေါက်ဝရွာနားမှာ စစ်ကောင်စီ ရေတပ်စစ်သင်္ဘောနှစ်စင်းနဲ့ ကမ်းထိုးဇက်ရေယာဉ်တစ်စီးကို ရက္ခိုင့်တပ်တော်(AA)က နစ်မြုပ်အောင် တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။