စစ်အာဏာရှင်စနစ်ကို တစ်နှစ်အတွင်း အမြစ်ဖြတ်မည်ဟု မြောက်ပိုင်းသုံးဖွဲ့ ထုတ်ပြန်
2024.02.10
ပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဟာ တစ်နှစ်အတွင်း ပြီးပြတ်တော့မယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဖေဖော်ဝါရီလ ၉ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက် ဒီကနေ့မှာကျရောက်တဲ့ တရုတ်နှစ်သစ်ကူးနဲ့ ပတ်သက်လို့ ပြောဆိုချိန်မှာ ညီနောင်းသုံးဖွဲ့က အခုလို ပြောဆိုခဲ့တာပါ။
ညီနောင်မဟာမိတ် သုံးဖွဲ့အနေနဲ့ တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်တွင် တရုတ်နှစ်သစ်ကူးကာလကို စိတ်လုံခြုံစွာနဲ့ ကျော်ဖြတ်နိုင်ရေးအတွက် သေနတ်သံမထွက်အောင် ဂရုစိုက်ဆောင်ရွက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီနှစ်ဟာ တရုတ်လူမျိုးတွေရဲ့ နဂါးနှစ်ဖြစ်ပြီး မြန်မာပြည်သူလူထု တစ်ရပ်လုံးရဲ့ ဆန္ဒဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဟာ ဒီနှစ်အတွင်းမှာ ကိစ္စပြီးမြောက်မယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
တရုတ်လူမျိုးတွေရဲ့ နဂါးနှစ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ခေါ် ကိုးကန့်အဖွဲ့ (MNDAA) တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့အကြား အပစ်အခတ် ရပ်စဲထားပေမယ့် နှစ်ဖက်စစ်အင်အားဖြည့်တင်းမှုတွေနဲ့ စစ်ရေးပြင်ဆင်မှုတွေကြောင့် မကြာခင် တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်အစိုးရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်အခတ် ရပ်စဲထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီစစ်ဆင်ရေးအရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။