NLD အစိုးရကို ဝန်းရံမယ်လို့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ပြောကြား


2015.11.18
mndaa-koekant-army-620.jpeg တရုတ်မြန်မာနယ်စပ်မှာ ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။
Photo: AFP

ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရသစ်ဖြစ်လာမယ် ဆိုရင် ပြည်တွင်းစစ်ရပ်စဲပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်နိုင်ဖို့အတွက် ဝန်းရံသွားမယ်လို့ ရခိုင့်တပ်မတော် AA၊ ကိုးကန့်တပ်မတော် MNDAA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA အဖွဲ့သုံးဖွဲ့ တို့က ဒီကနေ့ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

NLD ပါတီအနေနဲ့ ရွေးကောက်ပွဲမတိုင်ခင်က ပြောထားတဲ့အတိုင်း တိုင်းရင်းသားအရေး၊ နိုင်ငံရေးအခြေအနေတွေ တိုးတက်လာဖို့ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယူဆတဲ့အတွက် အခုလိုထုတ်ပြန်လိုက်တာဖြစ်ကြောင်း ကိုးကန့်အဖွဲ့ MNDAA က ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

"ဒီတစ်ပတ် နှစ်ပတ်အတွင်း ဖြစ်ပျက်နေတဲ့ တိုက်ပွဲအခြေအနေရော နိုင်ငံရေးအခြေအနေရော အားလုံးကို ကျနော်တို့ သုံးသပ်ပြီးတော့မှ ဒီလို ထုတ်ပြန်ချက်ထုတ်ရတာဖြစ်ပါတယ်၊ NLD ပါတီက ရွေးကောက်ပွဲမတိုင်ခင်က သူတို့ပြောထားတဲ့အတိုင်း ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ တိုင်းရင်းသား ပဋိပက္ခတွေရော နိုင်ငံရေးပဋိပက္ခတွေပါ သေချာဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော်တို့က အဲ့လိုယုံကြည်ပါတယ်"

အဲဒီအဖွဲ့သုံးဖွဲ့ဟာ လက်ရှိအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့တွေ ဖြစ်ကြပါတယ်။

NLD သာ အစိုးရဖွဲ့စည်းနိုင်ပါက ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေးနဲ့ နိုင်ငံရေးအရဆွေးနွေးဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့လည်း ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ရွေးကောက်ပွဲပြီးနောက်ပိုင်း အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ SSPP/SSA ရှမ်းပြည်တပ်မတော်၊ ကချင်ပြည်နယ် မိုးညှင်းဖက်မှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော်တို့နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာ ဒီရက်ပိုင်းအတွင်းအတော်ကို ပြင်းထန်နေပါတယ်။

တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်က ဒေသခံ သောင်းနဲ့ချီပြီး ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။