စစ်ကောင်စီတပ်စခန်း လေးဆယ်ကျော် သိမ်းပိုက်ထားကြောင်း AA ထုတ်ပြန်
2023.11.23
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်စခန်း လေးဆယ်ကျော်ကို သိမ်းပိုက်ထားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၂၂ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၃ ရက်ကနေ ၂၂ ရက်နေ့အထိ ဆယ်ရက်ကြာတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်စခန်း လေးခုကို ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီဘက်က စွန့်ခွာသွားတဲ့ စခန်းပေါင်း လေးဆယ်ကျော်ကိုလည်း သိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပေါက်တောမြို့မှာ စစ်ကောင်စီတပ်က ဓားစာခံအဖြစ်ဖမ်းဆီးထားတဲ့ မြို့ဒေသခံ တစ်ရာနီးပါးကိုလည်း နိုဝင်ဘာ ၂၁ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီ မြ၀တီသတင်းစာမှာတော့ ပေါက်တောမြို့နေရာကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်နေရာယူနိုင်ဖို့ ဒေသခံတွေကိုနှင်ထုတ်ခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ပြောကြားချက်ကို နိုဝင်ဘာ ၂၃ ရက် ဒီနေ့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ တပ်စခန်းတွေကို AA အဖွဲ့က သိမ်းပိုက်ထားတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက တစ်စုံတစ်ရာ ပြောဆိုတာမရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားတဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ကစလို့ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ရခိုင်ပြည်နယ်အတွင်းက အိမ်ထောင်စု ၄၇၀၀ ကျော်၊ လူဦးရေ ၂၆၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က နိုဝင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ အမ်းစတဲ့ မြို့နယ်တွေမှာလည်း လက်နက်ကြီး ကြောင့် ဒေသခံအနည်းဆုံး ၁၁ ဦး သေဆုံးပြီး သုံးဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း (UNOCHA) က ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မြို့နယ်တွေကို ဆက်သွယ်ထားတဲ့ ကုန်းလမ်း၊ ရေလမ်းကိုလည်း နိုဝင်ဘာ ၁၃ ရက်ကစပြီး စစ်ကောင်စီဘက်က ကန့်သတ်ထားတာကြောင့် လူသားချင်း စာနာမှုအကူအညီတွေကို ရပ်ဆိုင်းထားရတယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။