တစ်လခွဲအတွင်း စစ်ကောင်စီစခန်း ၁၄၀ ကျော် သိမ်းနိုင်ခဲ့ကြောင်း AA ထုတ်ပြန်
2023.12.14

"၁၀၂၇ စစ်ဆင်ရေး" စတင်ချိန်ကနေ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ၄၅ ရက်(တစ်လခွဲ) အတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသမှာ စစ်ကောင်စီတပ်စခန်း ၁၄၀ ကျော် သိမ်းနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သိမ်းလိုက်တဲ့ စစ်ကောင်စီစခန်းတွေထဲမှာ စစ်စခန်း၊ ရဲစခန်း၊ စစ်ဘက် ရဲဘက် အတူနေတဲ့ စခန်းတွေနဲ့ နယ်ခြားစောင့်တပ်စခန်းတွေ ပါဝင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒီအထဲမှာ မောင်တောမြို့နယ်မှာဆိုရင် စစ်ကောင်စီစခန်း ၆၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး ပလက်ဝမြို့နယ်မှာ တရွန်အိုင်နဲ့ နှုံးဘူး စတဲ့ဗျူဟာ ကုန်းနှစ်ခုအပါအဝင် စခန်း ၁၇ ခု သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျောက်တော်နဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီစခန်း ခုနစ်ခုစီနဲ့ ပေါက်တောနဲ့ ဘူးသီးတောင်မှာ ခြောက်ခုစီ၊ မင်းပြားမှာ ငါးခုနဲ့ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲစတဲ့ မြို့နယ်တွေမှာ လေးခုစီ၊ အမ်း၊ သံတွဲ၊ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ သုံးခုစီနဲ့ စစ်တွေမြို့နယ်မှာ စခန်းတစ်ခု သိမ်းနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီဘက်ကတော့ စခန်းသိမ်းခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒီဇင်ဘာလ ၁၄ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီက စစ်တွေမြို့ အမှတ် ၁၂ ရဲတပ်ရင်းကနေ ပေါက်တောမြို့ဘက်ကို အတွဲလိုက် ဒုံးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။