သံတွဲမြို့သိမ်းတိုက်ပွဲ ခက်ခဲကြောင်း AA ထုတ်ပြန်
2024.07.07
သံတွဲမြို့စစ်ရေးအခြေအနေဟာ အပြင်းထန်ဆုံးနဲ့ အမြင့်ဆုံးအခြေနေကို ရောက်ခဲ့ပြီး ခက်ခဲတဲ့ မြို့သိမ်းတိုက်ပွဲဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ဇူလိုင် ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
သံတွဲတိုက်ပွဲအတွင်း စစ်ကောင်စီရေတပ်က လက်နက်ကြီးပစ်ကူတာတွေအပါအဝင် လေကြောင်းပစ်ကူတာ၊ ဒရုန်းတိုက်ခိုက်မှုတွေ အမြောက်အမြား ပစ်ကူပေးတာတွေကြောင့် ကြည်း၊ ရေ၊ လေ သုံးပြီး စစ်ကောင်စီက ခုခံကာကွယ်နေတယ်လို့ AA က ပြောပါတယ်။
အဲဒီလို ခုခံမှုတွေကြားကနေ သံတွဲအခြေစိုက် ခြေမြန်တပ်ရင်း (၅၆၆) ကို ဇွန်လ ၂၇ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး ငပလီ (မဇင်) လေဆိပ်ကိုလည်း ဇူလိုင်လ ၅ ရက်နေ့က ထိန်းချုပ်ထားပြီလို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ ကျန်ရှိနေတဲ့ ခလရ ၅၅ ကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
သံတွဲမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဧပြီ ၁၃ ရက်နေ့ကစတင်ခဲ့ပြီး မေလနဲ့ ဇွန်လမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့လည်း AA က ပြောပါတယ်။ ဇွန်လနဲ့ ဇူလိုင်လ ပထမပတ်မှာတော့ တိုက်ပွဲအရှိန်က အပြင်းထန်ဆုံးနဲ့ အမြင့်ဆုံးအချိန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးရာကျော် သေဆုံးခဲ့တယ်လို့ AA က ပြောထားပါတယ်။ RFA အနေနဲ့ သေဆုံးသူ အရေအတွက်ကို သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
AA ထုတ်ပြန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။