Mytel ဝန်ထမ်း နှစ်ဦးကို AA ပြန်လွှတ်ပေး
2020.01.29

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားတဲ့ စစ်တွေမြို့အခြေစိုက် Mytel ကုမ္ပဏီက ပြည်နယ်ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးနဲ့ သူရဲ့ ယာဉ်မောင်းတို့ကို ပေါက်တောမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက ပြန်လည်လွှတ်ပေးလိုက် တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် Mytel ကုမ္ပဏီက ပြည်နယ်ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နဲ့ သူရဲ့ ယာဉ်မောင်း ဦးစောသိန်းမောင်တို့ကို ဒီကနေ့မနက်ပိုင်းက ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာမှာ ပြန်လွှတ်ပေးပြီးဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြော ရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ပြောပါတယ်။“Mytel ကုမ္ပဏီက တွဲဘက်ဒါရိုက်တာ ဦးဇော်ထွန်းအောင်နဲ့ သူရဲ့ ယာဉ်မောင်း ဦးစောသိန်းမောင်တို့ နှစ်ဦးကို ဒီနေ့ မနက် ခြောက်နာရီ ၅၈ မိနစ်မှာ ပေါက်တောမြို့နယ် မနော်သီရိကျေးရွာ ကနေ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးလိုက်ပြီး ဖြစ်တယ်ဗျ”
ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းထားသူတွေထဲက အပြစ်မရှိတဲ့သူ၊ ကျန်းမာရေးမကောင်းသူတွေနဲ့ စစ်ဘက်နဲ့ သက်ဆိုင်ခြင်း မရှိသူတွေကို သင့်တော်တဲ့အချိန်၊ သင့်တော်တဲ့နေရာတွေ ရွေးချယ်ပြီး ထပ်မံလွှတ်ပေးသွား မယ်လို့လည်း AA အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Mytel ရဲ့ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးကတော့ ပြန်လည်လွတ်လာတာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး အခုလောလောဆယ် စစ်တွေကို ပြန်လာတဲ့ လမ်းပေါ်မှာရှိနေသေးတာကြောင့် နောက်ပိုင်းမှ အသေးစိတ်ပြောနိုင်မယ်လို့ ပြောပါတယ်။
“မှန်ပါတယ်။ လွှတ်လာတယ်ဆိုတာလည်း မှန်ပါတယ်။ ကျွန်တော်တို့နဲ့လည်း ပြောဆိုအဆက်အသွယ်ရ ပါတယ်။ သူနဲ့လည်း ပြောဆိုပြီးသွားပြီပေါ့နော်၊ ကောင်းကောင်းမွန်မွန် ရှိနေပါတယ်။ စစ်တွေပြန်ရောက်မှပဲ အသေးစိတ်ကို ပြောလို့ရမယ်ဗျ။ အခုကတော့ ပြန်လာနေတဲ့ လမ်းမှာပဲ ရှိသေးတယ်ဗျ”
Mytel ဆက်သွယ်ရေးလုပ်ငန်းက ပြည်နယ်ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နဲ့ ယာဉ်မောင်း ဦးစောသိန်းမောင်ဟာ ဒီဇင်ဘာလ ၂၃ ရက် ကျောက်တော်မြို့အနီးမှာ ပျောက်ဆုံးသွားပြီး AA အဖွဲ့ရဲ့ ဖမ်းဆီးခံထားရတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာလ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
Mytel တာဝါတိုင်တွေကို စစ်ဆေးဖို့အတွက် ပြည်နယ်ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နဲ့ ယာဉ်မောင်း ဦးစောသိန်းမောင်တို့ဟာ စစ်တွေမြို့ကနေ ဒီဇင်ဘာ ၁၇ ရက်က စတင်ထွက်ခွာခဲ့တာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၂ ရက်နေ့က မင်းပြားမြို့မှာ ညအိပ်ခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ ကျောက်တော်မြို့ကို ဆက်လက်ထွက်ခွာစဉ် အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ခူမီးအမျိုးသား ဦးဝှေ့တင်းကို AA အဖွဲ့က ပြန်လွှတ်ပေးခဲ့သလို ချင်းပြည်နယ် ပလက်ဝမြို့နယ် ပကာဝရွာရဲ့အနောက်ဘက် တောင်တန်းပေါ်ကနေ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၁၃ ဦးထဲက အသက်ကြီးပြီး မူလကပင် ကျန်းမာရေးမကောင်းတဲ့ တပ်ကြပ် ဦးမောင်ထွေးနဲ့ တပ်ကြပ် ဦးဇော်ဇော်တို့ကို မနေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
AA အဖွဲ့က အခုလို ပြန်လည်လွှတ်ပေးနေတာတွေဟာ တရုတ်သမ္မတ မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်နဲ့ ပတ်သက်နေတယ်လို့ တပ်မတော် အငြိမ်းစားအရာရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ပြောပါတယ်။
“အခုကိစ္စမှာလည်း ဒါတရုတ်သမ္မတခရီးစဉ်နဲ့ အများကြီး ပတ်သက်တယ်။ နောက်တစ်ခုက AA က ဒီစနစ်က အလုပ်မဖြစ်ဘူးဆိုတာကို သဘောပေါက်သွားပြီလို့ ကျွန်တော်ထင်ပါတယ်။ တရုတ်သမ္မတ လာတဲ့အတွက် ကြောင့် တရုတ်ပြည်ရဲ့ ဖိအားကလည်း အများကြီးရှိပါတယ်။ ထိုနည်းတူစွာပဲ ပြည်တွင်းမှာ ဒီအခြေအနေ တွေကလည်း ဖိအားလို့ ဒီနှစ်ခုကြောင့်လို့ ကျွန်တော်ထင်ပါတယ်။”
ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲကာလ တစ်နှစ်အတွင်း နှစ်ဘက်သံသယနဲ့ အရပ်သားနဲ့ ဝန်ထမ်းတွေ အများအပြား ဖမ်းဆီးခံနေရတာပါ။
AA က ရဲတပ်ဖွဲ့ဝင် ကိုးယောက်၊ တပ်မတော်သား ခြောက်ယောက်၊ အကျဉ်းဦးစီးဝန်ထမ်း တစ်ယောက်၊ တပ်အင်ဂျင်နီယာ တစ်ယောက် စုစုပေါင်း ၁၇ ယောက်နဲ့အတူ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် လဝက အရာရှိ သုံးယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။
တဖက်ကလည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ နှမနဲ့ ယောက်ဖဖြစ်သူအပြင် AA ကို ရန်ပုံငွေရှာ ထောက်ပံ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရခိုင်တိုင်းရင်းသားတချို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးခံ ထားရသလို ဇနီးဖြစ်သူနဲ့ သားသမီးနှစ်ဦးကလည်း ထိုင်းနိုင်ငံမှာ အဖမ်းခံထားရပါတယ်။
ရက္ခိုင့်တပ်တော်(AA)က သုံ့ပန်းချင်းလဲလှယ်လိုကြောင်း အရင်ကထုတ်ပြန်ကမ်းလှမ်းချက်တွေကို မြန်မာအစိုးရကရော တပ်မတော်ဘက်ကပါ လက်မခံဘဲ ပယ်ချထားကြတာဖြစ်ပါတယ်။
ဒီရက်ပိုင်းအတွင်း တပ်မတော်နဲ့ AA အဖွဲ့တို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် ဘက်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ အကြိမ်ရေ ၇၀ နီးပါး တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ AA အဖွဲ့က ပြောပါတယ်။