စစ်ကောင်စီအစိုးရရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားကို အစားထိုးဖို့ အေအေ ကြိုးပမ်း
2021.08.20
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလကပင် ဒီနေ့အထိ တိုက်ပွဲတွေရပ်စဲနေတဲ့ အချိန် ကိုးလကျော် အတွင်းမှာ စစ်ကောင်စီအစိုးရရဲ့ တရားစီရင်ရေး၊ အုပ်ချုပ်ရေးယန္တရားတွေ နေရာမှာ AA ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားတွေနဲ့ အစားထိုးဖို့ အရှိန်အဟုန်မြှင့်လာနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့မှာ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ လူထုတွေ အနေနဲ့ မတရားမှု၊ ခိုးမှု၊ မြေယာပြဿနာတွေ အပြင် တရားဥပဒေ အဆုံးအဖြတ်ခံယူရမယ့် အမှုအခင်းတွေ အားလုံးကို ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုင်ငံရေးအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)ကို တိုင်ကြားနိုင်ပြီလို့ စတင်ထုတ်ပြန်ကြေညာခဲ့တာပါ။
အခုလက်ရှိ မြေပြင်အခြေအနေမှာလည်း မှုခင်းကိစ္စတွေကို AA ကပဲ ဖြေရှင်းပေးနေတာ တွေ့ရပြီး အစိုးရရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟာ လူထုနဲ့ ကင်းကွာသွားတာ တွေ့ရတယ်လို့ ရခိုင်အမျိုးသားပါတီ (ANP)ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တဲ့ ဦးဖေသန်း က RFA ကိုပြောပါတယ်။
“မြေမြင်အခြေအနေမှာကတော့ အစိုးရရဲ့ တရားစီရင်ရေး လက်တံက မမီတော့ဘူး။ ရာဇဝတ် မှုခင်း တွေကိုပဲဖြစ်ဖြစ် ဖြေရှင်းမယ်ဆိုရင် ULA/ AA ကပဲ ဖြေရှင်းနေတာကို တွေ့တယ်။ ဒါကြောင့် ဒီလို အခြေအနေမျိုးမှာ အစိုးရဘက်က တရားစီရင်ရေး လမ်းကြောင်းမှာရော၊ ဥပဒေစိုးမိုးရေး လမ်းကြောင်း မှာပါ ထိထိရောက်ရောက် မလုပ်နိုင်တဲ့အခါမှာ အကုန်လုံးကို ULA/ AA ဘက်က တာဝန်ယူပြီးတော့ လုပ်လာရတဲ့ အခြေအနေရှိတယ်ပေါ့နော်။ နေရာဒေသ တော်တော်များများမှာ။ အစိုးရကတော့ ဒီလို အခြေအနေမှာ ကင်းကွာသွားတာပေါ့နော်”
အခုလို ရက္ခိုင့်တပ်တော် (AA) က လုပ်ဆောင်တဲ့အပေါ်မှာ ပြည်သူတွေကလည်း အလေးထား လိုက်နာနေတာ တွေ့ရသလို ရခိုင်လူထုတွေအပေါ်မှာ AA ရဲ့ သြဇာလွှမ်းမိုးမှုဟာလည်း ကြီးမားနေတာ တွေ့ရတယ် လို့လည်း ဆိုပါတယ်။
အလားတူ ရသေ့တောင်မြို့နယ်မှာလည်း တိုက်ပွဲတွေ ရပ်စဲနေတဲ့အချိန်စကလို့ ရက္ခိုင့်တပ်တော် (AA) ဟာ ဒေသအုပ်ချုပ်ရေးတွေ၊ တရားစီရင်ရေးတွေကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ပြီး ဒေသတွင်းမှာလည်း ရာဇဝတ်မှုတွေ တော်တော်လေးကို လျော့ကျသွားတယ်လို့ ရသေ့တောင်မြို့နယ်က ရပ်မိ၊ ရပ်ဖတစ်ဦးဖြစ်တဲ့ ဦးမောင်စောဝင်းက RFA ကိုပြောပါတယ်။
“တရားစီရင်ရေးက အစပေါ့ ဒေသစီမံခန့်ခွဲရေးတွေကအစ လုပ်နေတာကကြာပြီ။ အနည်းဆုံးတော့ ခြောက်လနဲ့ ဆယ်လကြားလောက် ရှိလိမ့်မယ်။ အဲဒီကတည်းက စလုပ်တာ။ မှုခင်းတစ်ခုဖြစ်ပြီဆိုရင် နယ်တွေကို ရဲတွေက ဆင်းပြီးတော့ အဲဒီမှုခင်းတွေကို တည်ဆောက်ပြီးတော့ တရားရုံးတွေကို မတင်နိုင်တဲ့ ကိစ္စတွေလည်းရှိတယ်။ နောက်ပြီးတော့ အစိုးရရဲ့ အာဏာသက်ရောက်မှုက နယ်တွေမှာက မရှိဆိုတော့ ULA ကဖွင့်တဲ့ တရားရုံးတွေကိုပဲ အဓိက ဦးတိုက်လျှောက် မှုခင်းဖြစ်ဖြစ်၊ ရာဇဝတ်မှုဖြစ်ဖြစ် ULA တရားရုံးကပဲ ဆုံးဖြတ်တာတွေ့တယ်။ ULA/ AA က ခွင်ကျကျလုပ်လာတဲ့အခါမှာ ရာဇဝတ်ပြစ်မှု ဆိုတာလည်း တော်တော်လေးကို လျှော့နည်းသွားတာပေါ့”
အဲဒီလို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေ လုပ်ဆောင်နေတဲ့အချိန်မှာပဲ တစ်ဖက်မှာလည်း ရက္ခိုင့်တပ်တော် (AA) ဟာ စိုက်ပျိုးရေးကဏ္ဍနဲ့ မွေးမြူရေးကဏ္ဍအတွက် ဒေသတွင်း သင်တန်းပေးတာတွေ၊ ပစ္စည်းအကူအညီ ပေးတာတွေလည်း လုပ်ဆောင်နေတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
ရက္ခိုင့်တပ်တော် (AA) ဟာ တရားစီရင်ရေး ဆောင်ရွက်ရာမှာ ကိုယ်ပိုင်တရားရုံးတွေ၊ ရှေ့နေတွေ၊ တရားသူကြီးတွေ၊ အကျဉ်းထောင်တွေနဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက RFA ကိုပြောကြပါတယ်။

ရက္ခိုင့်တပ်တော်(AA)/ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တရားရုံးမှာ ကိုယ်တိုင်သွားရောက် အမှုဖွင့်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်က အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက AA တရားရုံးမှာဆိုရင် စစ်ကောင်စီ အစိုးရ တရားရုံးတွေလို အချိန်ကြန့်ကြာမှုမရှိသလို တရားမျှတမှုလည်း ရရှိတဲ့အတွက် သွားရောက်တိုင်ကြား တာ ဖြစ်တယ်လို့ပြောပါတယ်။
“ အစိုးရတရားရုံးတွေမှာ သွားတိုင်လို့ရှိရင် အချိန်ကြန့်ကြာမှုတွေရှိတယ်။ ပြီးတော့ ထပ်ခါထပ်ခါ ရုံးချိန်း နေတာတွေ ကျွန်တော်တို့ တွေ့ရတယ်။ မလိုလားအပ်ပဲ အချိန်တွေ ကြန့်ကြာတယ်ပေါ့နော်။ ဆိုတော့ အခုက ULA/AA က အုပ်ချုပ်လာတယ်ဆိုတော့ အဲဒီမှာပဲ တိုင်ဖြစ်တာပေါ့နော်။ အဲဒီတိုင်လို့ရှိရင် တရား မျှတမှု ရရှိတာပေါ့နော်။ အဲဒါကြောင့် ULA/AA တရားရုံးမှာပဲ တိုင်တန်းတာဖြစ်ပါတယ်။ ကျွန်တော့်ကို စစစ်တယ်ပေါ့လေ။ တရားလိုနဲ့ တရားခံကိုစစစ်တယ်။ နှစ်ရက်လောက်ပဲကြာပါတယ်။ ပြီးလို့ရှိရင် အမှု တစ်ခုက ပြီးသွားပြီ။ မြန်မြန်ဆန်ဆန်ပြီး သွားတယ်ပေါ့လေ။ တရားမျှတမှု ရရှိတယ်လို့ ယူဆတယ်။ နှစ်ဦးနှစ်ဖက်က ကျေနပ်တယ်”
ရက္ခိုင့်တပ်တော် (AA) ဟာ အခုလို တရားစီရင်ရေးတွေ၊ အုပ်ရေးတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာတဲ့ အချိန်မှာပဲ ရခိုင်ပြည်နယ်အတွင်းမှာ ဒုတိယလူဦးရေ အများဆုံးဖြစ်တဲ့ မွတ်စလင် အသိုင်းအဝိုင်းကို ရက္ခိုင့်တပ်တော် (AA/ULA) ရဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်လာဖို့ ကြိုးပမ်းနေကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သြဂုတ်လ ၁၅ ရက် မနေ့က အမေရိကန်နိုင်ငံအခြေစိုက် အာရက္ခမီဒီယာနဲ့ သီးသန့် ဆက်သွယ်မေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။
ဒီပြောဆိုချက် အပေါ်မှာ မွတ်စလင်တွေဘက်က အပြုသဘောနဲ့ လက်ခံကြတာလည်း တွေ့ရပါတယ်။
ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာရပ်မိ၊ ရပ်ဖ တစ်ဦးဖြစ်တဲ့ လာလာမျာက ရက္ခိုင့်တပ်တော် (AA) ရဲ့ အစီအစဉ်ကို ကြိုဆိုတယ်လို့ပြောပါတယ်။
“ဗမာအစိုးရက အုပ်ချုပ်တဲ့အခါ ကျွန်တော်တို့ လူမျိုးတွေကို နေပြီးတော့ ဝန်ထမ်းဖြစ်ဖြစ်၊ ကာကွယ်ရေး ဖြစ်ဖြစ်၊ ပြည်ထဲရေးဖြစ်ဖြစ် ကျွန်တော်တို့ကို ခွဲခြားဆက်ဆံပြီးတော့ ခေါ်ခဲ့တာ မရှိဘူး။ တာဝန် ထမ်းဆောင်ခိုင်းတာ မရှိဘူး။ သင်တန်းဘာညာ ခေါ်ခဲ့တာလည်း မရှိပါဘူး။ အခုကနေပြီးတော့ ရက္ခိုင့်တပ်တော် (AA) က ကျွန်တော်တို့ လူမျိုးတွေကို အတူတကွ သင်တန်းတွေကို ပို့ချပေးမယ် ဆိုပြီးတော့ ပြောတဲ့အပေါ်မှာ ကျွန်တော်တို့ အများကြီးဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ကျွန်တော်တို့ အဲဒါတွေကိုလည်း လက်ခံပါတယ်။ အခု လူငယ်တွေကလည်း စာရင်းပေးနေပါတယ်။ အေအေကတော့ လာပြောတာမရှိသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အေအေ စစ်ဦးစီးချုပ်က ပြောဆို လာတာကြောင့် ကျွန်တော်တို့ စာရင်းတွေ ကောက်နေပါတယ်။ အေအေကနေပြီးတော့ လာကောက်တဲ့ အခါ ပေးသွားလို့ရအောင် ကျွန်တော်တို့က ကြိုတင်ပြီးတော့ စာရင်းတွေ ကောက်နေတာပါ”
အခုလက်ရှိ ကျေးရွာအချို့ကနေ AA မှာ သင်တန်းတွေတက်ဖို့ စိတ်ဝင်စားတဲ့ ရိုဟင်ဂျာလူငယ်အချို့ လာ ရောက်စာရင်း ပေးထားပြီလို့လည်း သူကဆိုပါတယ်။
မြေပြင်အခြေအနေမှာလည်း ရိုဟင်ဂျာတွေနဲ့ AA တို့ ဆက်ဆံရေး ရုံးတွေ ဖွင့်ထားပြီး ဖြစ်သလို AA ကနေ တရားစီရင်ရေးတွေ လုပ်ဆောင်တဲ့အခါမှာလည်း လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲ မျှမျှတတ ဆောင်ရွက်နေတယ် လို့လည်း ရပ်မိ၊ ရပ်ဖ လာလာမျာက ဆိုပါတယ်။
ရက္ခိုင့်တပ်တော် (AA) ဟာ တရားစီရင်ရေးကဏ္ဍကို ဆောင်ရွက်ရာမှာ ဗြိတိသျှဘုံဥပဒေကို အခြေခံပြီး ဆောင်ရွက်တာဖြစ်သလို ဥပဒေအတိုင်အပင်ခံတွေနဲ့ အဂတိ ကင်းစင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့လည်း ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုထားပါတယ်။
ရပ်ကျေးအဆင့် တရားရုံး၊ စစ်ဒေသအဆင့် တရားရုံးနဲ့ ဗဟိုတရားရုံးဆိုပြီး အဆင့်တွေ ခွဲထားပြီးတော့ ရပ်ကျေးအဆင့်အတွက်လည်း အုပ်ချုပ်ရေးမှူးတွေကို ဥပဒေသင်တန်းတွေ ပေးထားပြီး ဖြစ်တယ်လို့လည်း ဆိုတယ်။
"တရားစီရင်ရေးက အစပေါ့ ဒေသစီမံခန့်ခွဲရေးတွေကအစ လုပ်နေတာကကြာပြီ။"
အရင်က တရားစီရင်ရေးကဏ္ဍမှာ မျှတမှုရဖို့ကိုပဲ ရပ်မိ၊ ရပ်ဖတွေနဲ့ ဖြေရှင်းခဲ့ကြတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ခြောက်လလောက်ကစလို တရားရုံးတွေနဲ့ စနစ်တကျ လုပ်ဆောင်ခဲ့တာလို့လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။
အခုဆိုရင် ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) ရဲ့တော်လှန်ရေးကဏ္ဍဟာ အခုအချိန်မှာ ၇၅ ရာခိုင်နှုန်း အထိ ခရီးရောက်နေပြီဖြစ်နေသလို ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ရည်မှန်းချက်ကို အကောင်အထည် ဖော်ရာမှာ အလျှော့အတင်းလုပ်တာ မရှိသလို နောင်လည်းရှိမှာ မဟုတ်ဘူးလို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ဖွဲ့စည်းခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကိုလည်း ဆက်လက်ဖွဲ့စည်းခဲ့ပါတယ်။
NUG အစိုးရနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အပေါ်မှာ ရက္ခိုင့်တပ်တော် (AA) ရဲ့ သဘောထားအမြင်နဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ရက္ခိုင့်တပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ သူတို့က ဂရုတစိုက် ခေါ်ယူခဲ့တာ ရှိပေမယ့် ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်ဖြစ်လို့ မပါဝင်ခဲ့တာဖြစ်ကြောင်း၊ သူတို့ကို အပြစ်ပြောဖို့ မလိုအပ်ကြောင်း တွစ်တာလူမှုကွန်ရက်စာမျက်နှာမှာ ဧပြီလ ၁၆ ရက်နေ့က ရေးသားခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်စဲနေတဲ့ကာလအတွင်း ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီအစိုးရရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍကို အစားထိုးဖို့ ကြိုးပမ်းလုပ်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။
ဒါပေမဲ့ ရက္ခိုင့်တပ်တော် (AA) က တရားစီရင်ရေးကဏ္ဍအတွက် အမှုတွေ တိုင်တန်းနိုင်ကြောင်း တရားဝင် ကြေညာခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကနေစလို့ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်အတွင်းမှာ အင်အား တိုးချတာတွေ၊ ဧည့်စာရင်း စစ်ဆေးတာတွေစတဲ့ တင်းကျပ်မှုတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေက တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်၊ ရသေ့တောင်စတဲ့ မြို့နယ်တွေမှာ ဒီလ သြဂုတ်လ ၁၂ ရက်နေ့ကစလို့ စစ်ကောင်စီကနေ စစ်အင်အားတွေ တိုးချနေတာဖြစ်ပြီး စစ်တွေမြို့ပေါ် အပါဝင် အခြားမြို့နယ် အချို့မှာလည်း စစ်ကောင်စီက ဧည့်စာရင်း လုပ်ဆောင်နေတာတွေ ရှိတယ်လို့လည်း ဒေသခံတွေက RFA ကိုပြောပါတယ်။
အခုရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတို့အကြား နှစ်ဖက်အားပြိုင်မှုတွေ ရှိနေပေမယ့် တိုက်ပွဲတွေ အမှန်တကယ်ဖြစ်လာနိုင်ခြေကတော့ နည်းနေသေးတယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။