မောင်တောက အလယ်သံကျော် နယ်ခြားစောင့်စခန်းကို AA သိမ်းယူ

RFA Burmese
2024.06.13
မောင်တောက အလယ်သံကျော် နယ်ခြားစောင့်စခန်းကို AA သိမ်းယူ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အလယ်သံကျော် နယ်ခြားစောင့်စခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က မြန်မာ-ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA) က ဇွန်လ ၁၂ ရက်မှာ သိမ်းယူလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

AA သိမ်းယူလိုက်တဲ့ အလယ်သံကျော် နယ်ခြားစောင့်စခန်းမှာ စစ်ကောင်စီတပ်သားအင်အား သုံးရာနီးပါး တပ်စွဲနေထိုင်ခဲ့တာပါ။

ဒီတပ်စခန်းက စစ်ကောင်စီအတွက် အရေးပါတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အလယ်သံကျော်စခန်းက စစ်ကောင်စီတပ်အတွက် အတော်လေးကို အရေးပါတယ်။ ဘာလို့လဲဆိုရင် ပင်လယ်ထွက်ပေါက်အတွက်ရော၊ ထောက်ပို့လမ်းကြောင်းအတွက်ရော သုံးတဲ့စခန်းလေ။ အဲဒီစခန်းမှာ အရာရှိတွေလည်း နေတာ"

နယ်ခြားစောင့်စခန်းကို စွန့်ခွာသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ AA တို့အကြား တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲပြီး အရပ်သားတချို့ ထိခိုက်ဒဏ်ရာရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ်မှာ အမှတ်(၁) ကျီးကန်းပြင် နယ်ခြားစောင့်ဌာနချုပ် အပါအဝင် စခန်းအများအပြားကို AA က သိမ်းယူထားပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

လက်ရှိမှာ ချင်းပြည်နယ်၊ ပလက်ဝအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ဆယ်ခုကို AA က သိမ်းယူထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ် အခြေစိုက်ရာ အမ်းမြို့နယ်၊ သံတွဲမြို့နယ်နဲ့ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။