ကိုးတန်ကောက် စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းကို AA သိမ်းပိုက်

RFA Burmese
2024.02.09
ကိုးတန်ကောက် စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းကို AA သိမ်းပိုက် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် နယ်ခြားစောင့်ရဲစခန်းအား ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာက စစ်ကောင်စီတပ် နယ်ခြားစောင့်ရဲစခန်းကို ဖေဖော်ဝါရီလ ၉ ရက် ဒီနေ့ နေ့လယ်ပိုင်းလောက်မှာ ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ AA နဲ့နီးစပ်တဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေက အကြီးဆုံး နယ်ခြားစောင့် ရဲစခန်းတစ်ခုဖြစ်တဲ့ အဲဒီကိုးတန်ကောက် နယ်ခြားစောင့် တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ၈ ရက် မနေ့မနက်ပိုင်းကစလို့ အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့မှာသိမ်းပိုက်ခဲ့တာလို့ ရက္ခိုင့်တပ်တော် (AA) နဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“သိမ်းပိုက်လိုက်တာ အတည်ပြုလို့ရတယ်။ AA ဘက်အသိတွေက လှမ်းပြောတာပါ။ သိမ်းလိုက်တာ သိပ်မကြာသေးဘူး။ ပြီးခဲ့တဲ့ တစ်နာရီခွဲလောက်က။ လက်နက်သံတွေ တိတ်သွားတာ အဲဒါကြောင့်မို့။ တိုက်လေယာဉ်တွေနဲ့ လာပြီးတိုက်ပေမယ့် အခုတော့ မရှိတော့ဘူး၊ ပြန်သွားပြီထင်တယ်”

စစ်ကောင်စီဘက်ကလည်း စခန်းမကျရေးအတွက် လေကြောင်းရော ရေကြောင်းကပါ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သလို စစ်တွေနဲ့ ရသေ့တောင် အခြေစိုက်တပ်တွေကလည်း အမြောက်တွေနဲ့ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကိုးတန်ကောက် နယ်ခြားစောင့် တပ်စခန်းဟာ အငူမော်-မောင်တော နယ်စပ်ကုန်သွယ်ရေး ကားလမ်းမပေါ်မှာ တည်ရှိတာပါ။ အဲဒီစခန်းအနီးမှာရှိတဲ့ ဒုံးပိုက်နဲ့ ချိန်ခါလီ နယ်ခြားစောင့် စခန်းနှစ်ခုကိုတော့ တိုက်ပွဲစတင်တဲ့ နိုဝင်ဘာလ ၁၃ ရက်နဲ့ ၁၅ ရက်နေ့မှာ AA ကသိမ်းပိုက်ထားပါတယ်။

အဲဒီကိုးတန်ကောက်စခန်းမှာ အငူမော်စခန်းက စစ်ကောင်စီ နယ်ခြားစောင့်တပ်သားတွေပါ စုပေါင်းထားပြီး အင်အားအနည်းဆုံး တစ်ရာလောက်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လယ်မှာ ကိုးတန်ကောက်ကျေးရွာက စစ်ကောင်စီတပ် နယ်ခြားစောင့်ရဲစခန်းကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ကလည်း သတင်းထုတ်ပြန်ပါတယ်။ မောင်တောမြို့နယ်က ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

ကိုးတန်ကောက် နယ်ခြားစောင့်တပ်စခန်းမှာ မနေ့ကတိုက်ပွဲစဖြစ်ပြီးနောက် စခန်းအနီးမှာရှိတဲ့ သဝင်ချောင်း၊ ခွဆုံ စတဲ့ရွာအနီးက နယ်ခြားစောင့် ကင်းစခန်းတွေလည်း အင်းဒင်အခြေစိုက် အမှတ် (၆) နယ်ခြားစောင့်တပ်ရင်းကို ပြောင်းရွှေ့သွားတာတွေ့ရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) အနေနဲ့ လက်ရှိမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်တော်မြို့အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၉) လက်အောက်ခံတပ်ရင်း ဆယ်ရင်းလုံးကို သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။