မောင်တောက စစ်ကောင်စီစခန်း ခြောက်ခုကို AA သိမ်းပိုက်

RFA Burmese
2024.06.07
မောင်တောက စစ်ကောင်စီစခန်း ခြောက်ခုကို AA သိမ်းပိုက် ရခိုင်ပြည်နယ် မောင်တောအခြေစိုက် နယ်ခြားစောင့်တပ်စခန်း အင်းဒင်အား အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ၂၀၂၄ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည့်ပုံ။
AA Info Desk

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က စစ်ကောင်စီစခန်း ခြောက်ခုကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ်အတွင်းက စစ်ကောင်စီစခန်းတွေကို ဇွန်လ ၂ ရက်နေ့ကစပြီး AA က တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင် နခခ (၆) စခန်းနဲ့ နခခ (၉) စခန်းတွေကို အပြီးသတ် သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေဖြစ်တဲ့ နခခ (၄) စခန်း၊ မောရဝတီစခန်း၊ အလယ်သံကျော်စခန်းနဲ့ နားခေါင်းတိုစခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စခန်းခြောက်ခုကို AA က သိမ်းပိုက်လိုက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ဇွန်လ ၇ ရက်နေ့မှာပဲ သာယာကုန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ AA အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး မောင်တောမြို့နယ် မကျည်းကုန်းကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ စခန်းနှစ်ခုကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မောင်တောမြို့မှာ အကြီးဆုံးစခန်းဖြစ်တဲ့ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး ကျီးကန်းပြင်ဌာနချုပ်ကိုလည်း မေလ ၂ ရက်မှာ AA က သိမ်းယူခဲ့ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းက မြို့နယ် ၁၀ မြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာချုပ် အခြေစိုက်ရာ အမ်းမြို့နယ်၊ သံတွဲမြို့နယ်နဲ့ မောင်တောမြို့နယ်တွေကို AA က ဆက်လက်ထိုးစစ်ဆင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။