ရခိုင်မှာ ပဋိပက္ခဖြစ်အောင် ဖန်တီးနေတယ်လို့ AA ထုတ်ပြန်
ရခိုင်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်တဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုတွေကို ဒီဇင်ဘာ လထဲမှာ တွေ့လာရတယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဒီဇင်ဘာ ၁၇ ရက် မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
လူမျိုးရေးပဋိပက္ခ ဖြစ်လာစေနိုင်လောက်တဲ့ ထူခြားတဲ့ဖြစ်စဉ် ငါးခုကို ဒီဇင်ဘာ ဒုတိယပတ်ကစလို့ တွေ့လာရပြီး အဖွဲ့အစည်း တစ်ခုခုက ရည်ရွယ်ချက်နဲ့ နောက်ကွယ်က ကြိုးကိုင်လုပ်ဆောင်တယ်လို့ သံသယဖြစ်မိတယ်လို့ ဆိုထားပါတယ်။
ULA/AA ရဲ့ ကြေညာချက်ထဲမှာ ဒီဇင်ဘာ ၉ ရက်ကနေ ၁၃ ရက်နေ့အထိ ဖော်ပြထားတဲ့ ဖြစ်စဉ်တွေကတော့ မြောက်ဦးမြို့နယ်က ကျေးရွာတချို့မှာ စပါးခြွေလှိမ့်စက် နှစ်လုံး မီးရှို့ခံရတာ၊ ရိတ်သိမ်းပြီး စပါးတွေ မီးရှို့ ခံရတာ၊ ကျောက်ဖြူမြို့နယ်က ကျေးရွာတွေမှာ ရိတ်သိမ်းပြီး စပါးတွေ မီးရှို့ခံရတာ၊ ဂွမြို့ က မူလတန်း လွန်ကျောင်း မီးရှို့ခံရတာတွေအပြင် ကျောက်တော်မြို့နယ်က ရွာတစ်ခုမှာ အမျိုးသမီး တစ်ယောက်ကို မွတ်စလင် အမျိုးသားနှစ်ယောက်က အဓမ္မကျင့်ဖို့ ကြံစည်တဲ့ ဖြစ်ရပ်လည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလုပ်ရပ်တွေကို ဘယ်သူတွေ ဘယ်အဖွဲ့အစည်းက ကြိုးကိုင်လုပ်နေတယ်ဆိုတာကိုတော့ မဖော်ပြ ထားပေမယ့် ဒီဖြစ်ရပ်တွေကို (ULA/AA) က စုံစမ်းပြီး ပြည်သူတွေကို လုံခြုံရေး ယူပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်ကလည်း ULA/AA ဟာ ရခိုင်ပြည်အတွင်း တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တယ် လို့ ထုတ်ပြန်ထားပါတယ်။
AA အဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲ အုပ်ချုပ်ရေးကဏ္ဍမှာ မွတ်စလင်အသိုင်းအဝိုင်းက ပါဝင်လာဖို့ ကြိုးပမ်း နေကြောင်း ဩဂုတ်လအတွင်းက တရားဝင်ပြောဆိုဖူးပြီး စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်ထဲက မွတ်စလင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို AA ရဲ့ အုပ်ချုပ်ရေးကို လက်မခံဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလက ခေါ်ယူ သတိပေး ခဲ့ဖူးပါတယ်။
ဒီထုတ်ပြန်ချက်ထဲက ဖြစ်စဉ်တွေအပေါ် RFA က သီးခြားအတည်မပြုနိုင်သေးသလို ပြည်နယ်စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။