စက်လှေ နှစ်စီးပေါ်က ဆန်အိတ် ၇၇ အိတ်ကို AA အဖွဲ့ ယူဆောင်သွား
2019.06.04
ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်မြစ်ကြောင်းမှာ ပြေးဆွဲနေတဲ့ စက်လှေ နှစ်စီးကို ရက္ခိုင့်တပ်မတော် AA က မနေ့မနက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ဆန်အိတ် ၇၇ အိတ်ကို ယူဆောင်သွားကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ၁၀ မိုင်ခန့်အကွာ ကျီးလေကျေးရွာမှာရှိတဲ့ ကုလားတန်မြစ်ကြောင်း အတွင်း ဖြတ်သန်းသွာလာခွင့်မပေးဘဲ မနေ့က တစ်နေကုန်ပိတ်ထားပြီး ဒီနေ့မနက်မှ ဖြတ်သန်းသွားလာခွင့်ပေးခဲ့ကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးစိုးထက်က RFA ကို ပြောပါတယ်။
မနေ့က ဖမ်းဆီးထားတဲ့ လှေပေါ်မှာ ပါလာသူတွေကို တစ်နေကုန် ဖမ်းဆီးထားပြီး ပြန်လွှတ်ပေးလိုက်ပေမယ့် ဆန်အိတ်တွေကိုတော့ AA အဖွဲ့က ယူဆောင်သွားကြောင်း သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
အဲဒီလှေပေါ်မှာ ကျောင်းဆရာ၊ ဆရာမတွေလည်း ပါဝင်သွားခဲ့ပါတယ်။ ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေဟာ ကျောင်းပြောင်းရွှေ့သွားပြီး လက်ရှိအချိန်မှာ စာသင်ကျောင်းပေါင်း ၁၃၀ နီးပါးမှာ ဆရာ၊ ဆရာမ မရှိဘဲ ဖြစ်နေတယ်လို့လည်း ဦးစိုးထက် ပြောပါတယ်။