စစ်သုံ့ပန်းရုပ်သံဖော်ပြမှုကို လေ့လာသူတွေ အမြင်မတူ


2020.09.23

ဖမ်းဆီးရမိထားတဲ့ တပ်မတော်သား တချို့ရဲ့ ပြောဆိုချက် ပါဝင်တဲ့ ဗီဒီယိုဖိုင်တွေ စက်တင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်လိုက်တာဟာ  လူတစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေး၊ လုံခြုံရေးကို ထိခိုက်စေလိုတာ မဟုတ်ဘဲ သက်ဆိုင်ရာ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေအပေါ် လူသားချင်းစာနာတဲ့ အနေနဲ့ ထုတ်ပြန်တာဖြစ်တယ်လို့ AA ဘက်က ပြောထားပါတယ်။

ဂျီနီဗာကွန်ဗင်ရှင်းအရ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတိုက်ပွဲတွေမှာ နှစ်ဖက်တပ်တွေအနေနဲ့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို အတိအလင်းဖော်ပြထားပြီး ဖြစ်ပါတယ်။

ဂျီနီဗာကွန်ဗင်းရှင်းရဲ့ တတိယစာချုပ် အပိုဒ် ၁၇ မှာပါတဲ့ အချက်နဲ့ နှိုင်းယှဉ်ပြီး ရက္ခိုင့်တပ်တော် AA ရဲ့ ဗီဒီယိုထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ညီမျှခြင်း မြန်မာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက သုံးသပ်ပြထားပါတယ်။

“ဒီလိုမျိုးကိစ္စတစ်ခုကတော့ စစ်သုံ့ပန်းသက်ဆိုင်တယ်ဆိုတဲ့ အကြောင်းအရာဖြစ်ပါတယ်။ စစ်သုံ့ပန်းနဲ့ ပတ်သက်လို့ ဂျီနီဗာကွန်ဗင်းရှင်းရဲ့ တတိယစာချက်မှာ အဓိကထားဖော်ပြထားပါတယ်။ စာချုပ်ရဲ့ အပိုဒ် ၁၇ မှာဆိုလို့ရှိရင် တကယ်လို့များ တစ်ဘက်တပ်က လူတွေကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိလို့ရှိရင်သူ့ရဲ့ အမည်ရယ်၊ ရာထူးရယ် နောက်တစ်ခါ မွေးသက္ကရာဇ်ရယ်၊ နောက်ပြီးလို့ရှိရင် ကိုယ်ပိုင်နံပါတ်ရယ် ဒီဟာကိုပဲ ကျနော်တို့ မေးမြန်းခွင့်ရှိတယ်။ တခြားသောအချက်တွေကို မေးမြန်းလို့မသင့်ဘူးဆိုတာ ရေးသားထားပါတယ်။ အခုအချိန်မှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေရဲ့ အကြောင်းအရာတွေကို အသေစိပ်တွေ မေးခြင်းကတော့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဂျီနီဗာကွန်ဗင်းရှင်းနဲ့ ပတ်သက်တဲ့ အချက်ကို ချိုးဖောက်ရာရောက်ပါတယ်”

ဖမ်းဆီးခံထားရတဲ့ သုံ့ပန်းအနေနဲ့ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် တစ်ဖက်မှာရှိနေတဲ့ မိသားစုဝင်တွေရဲ့ အန္တရာယ်အတွက် စိုးရိမ်ရသလို မိသားစုကို ဖိအားပေးလုပ်ဆောင်တာတွေ ရှိလာနိုင်တဲ့အတွက် လူသားကျင့်ဝတ်အရ မလုပ်ဆောင်သင့်ဘူးလို့ ပြောပါတယ်။

ပြည်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ ပြည်တွင်း ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ဗီဒီယိုရိုက်ကူး မထုတ်လွှင့်ရဘူးဆိုပြီး တားမြစ်ထားတာ မရှိဘူးလို့ ပြောပါတယ်။

“ပြည်တွင်းပဋိပက္ခနဲ့ ပတ်သက်တဲ့ ဂျီနီဗာကွန်ဗင်းရှင်းက ဖမ်းဆီးရမိတဲ့သူတွေ တိုက်ပွဲအတွင်းမှာ ရှိတဲ့အရပ် သားတွေပေါ်မှာပေါ့ဗျာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မလုပ်ဖို့ပဲ သတ်မှတ်ထားတာပေါ့၊ ဖမ်းဆီးရမိတဲ့ သူတွေကို တွေ့ဆုံမေးမြန်းတဲ့ဟာတွေကို ထုတ်လွှင့်ခြင်း မပြုရဘူးဆိုတဲ့ တားဆီးထားတာမျိုးတော့ မရှိဘူး၊ တခြားနိုင်ငံတွေမှာဖြစ်တဲ့ ပဋိပက္ခတွေမှာလည်း ဒီလိုမျိုးထုတ်လွှင့်တာတွေ ကျနော်တို့ရှိခဲ့တယ် ဒါကြောင့်မို့ ကျနော်အမြင်ပြောရရင်တော့ ကျနော် လေ့လာထားသလောက်တော့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခနဲ့ ပတ်သက်တဲ့ ဂျီနီဗာကွန်းဗင်းရှင်း အဲလိုမျိုးရုပ်သံထုတ်လွှင့်တာကို တားမြစ်ခြင်း မရှိဘူးလို့ပဲ ပြောရမှာပဲ”

စစ်သုံ့ပန်းတွေကို ညှဉ်းပန်းနှိပ်စက်တာမရှိသလို မိသားစုဝင်တွေအနေနဲ့ အသက်ရှင်သေးတယ်ဆိုတဲ့ အခြေအနေကို သိသွားအောင်ထုတ်ပြန်တာဖြစ်ပေမယ့် လူ့အခွင့်အရေးအရ တားမြစ်ချက်တွေလည်း ရှိနေတာဖြစ်တဲ့အတွက် ဒါဟာငြင်းခုံရမယ့် အတိုင်းအတာဖြစ်တယ်လို့ Fortify Right အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

“သူတို့ရဲ့ လုံခြုံရေးအရသော်လည်းကောင်း သူတို့ရဲ့ မျက်နှာတွေကို ဖော်သင့်လား မဖော်သင့်လားပေါ့နော်။ ကျနော့်အနေနဲ့ဆိုရင်တော့ မျက်နှာကို Blur လုပ်ထားသင့်တယ်ပေါ့နော်။ ဖော်ပြတာမျိုး မပြုလုပ်သင့်ဘူးပေါ့။ လင်ယောကျာ်းပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့အဖေကိုပဲဖြစ်ဖြစ် မဆုံးရှုံးသေးဘူး၊ သက်ရှိထင်ရှား ရှိတယ်ဆိုတဲ့ အထောက်အထားမျိုး ရတဲ့အတွက်ကြောင့် မိသားစုအတွက်တော့ ကောင်းတယ်လို့ ကျနော်မြင်တယ်။ နိုင်ငံတကာ Law အရဆိုရင်တော့ ဒါက Debate ပေါ့။ သူတို့ရဲ့ Privacy ကို ထိန်ချန်သင့်လား ဒါမှမဟုတ် ကာကွယ်ပေးသင့်လား ဖော်ထုတ်သင့်လားဆိုတာတော့ လူ့အခွင့်အရေးရှုထောင့်ကနေ စဉ်းစားစရာတော့ အများကြီး ရှိတယ်ပေါ့”

ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ပြန်လည်ဖော်ပြတဲ့ သတင်းမီဒီယာတွေ အနေနဲ့ ပြန်လည် အသုံးပြုတဲ့ အချိန်မှာတော့ တစ်ဘက် စစ်သုံ့ပန်းတွေရဲ့ လုံခြုံရေးအရ မျက်နှာမဖော်ပြတာမျိုးတွေ လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

စစ်သုံ့ပန်းတွေကိစ္စကို မီဒီယာတွေမှာ တင်ပြတာမျိုးဟာ မဖြစ်သင့်ပေမယ့် နှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့ လမ်းပိတ်နေတာတွေမှာ စစ်သုံ့ပန်းလဲလှယ်ရေးကိစ္စတွေဟာ မီဒီယာတွေကို အသုံးပြုပြီး ဆောင်ရွက်နိုင်ခဲ့တဲ့ အတွေ့အကြုံတွေ နိုင်ငံတကာမှာလည်းရှိနေတယ်လို့ အာရှလူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

“ဒီလိုမျိုးကိစ္စရပ်တွေက မီဒီယာမှာတော့ တင်ပြီးတော့ ထုတ်ပြန်ဖို့ မသင့်ဘူးဆိုတာကိုတော့ သိတယ်၊ သို့သော်လည်းပဲ ဒီလိုမှမလုပ်ရင် နှစ်ဖက်ညှိနှိုင်းဆွေးနွေးဖို့ရန်အတွက် လမ်းစပိတ်နေမယ် ဆိုတဲ့အတွက် ယခုလို မျိုးပေါ့နော် မီဒီယာကနေပြီးတော့ လွှင့်ထုတ်တယ်လို့ပဲ ကျနော်တော့ မြင်ပါတယ်။ ICRC ဒါမှမဟုတ် ကုလသမဂ္ဂ ကြားဝင်ဖျန်းဖြေရေး အဖွဲ့တစ်ခုခုက ကြားထဲကနေဝင်ပြီးတော့ ဆောင်ရွက်ပေးတဲ့ ကိစ္စရပ်မျိုး ဖြစ်ပေါ်လာအောင် အခုလိုမျိုး ဖန်တီးတယ်လို့ပဲ ကျနော်တို့ကတော့ ယူဆပါတယ်”

မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင် တစ်ဦးဖြစ်တဲ့ ဦးမြင့်ကျော်ကတော့ စစ်သုံ့ပန်းတွေဟာ ကလေးသူငယ်တွေ မဟုတ်သလို သူတို့ရဲ့လုံခြုံရေးအရကလည်း စိတ်ချရတဲ့ အနေအထားတစ်ခုမှာ ထပ်ဆင့်ပြန်လည်ဖော်ပြတာဟာ သတင်းမီဒီယာ ကျင့်ဝတ်ချိုးဖောက်ရာ မရောက်ဘူးလို့ ယူဆပါတယ်။

“သူတို့မေးမြန်းမှု သူတို့ရဲ့ပြောဆိုချက်တွေကော သူတို့ရဲ့ပြောဆိုချက်တွေကို သတင်းမီဒီယာက ဖော်ပြလိုက်မှုကြောင့် ဥပမာ သူတို့ကိုယ်တိုင်သော်လည်းကောင်း နောက်တစ်ခုကတော့ သူတို့ရဲ့မိသားစုတို့ဘာတို့ ဒီဘက်မှာ ရှိရင်ပေါ့လေ အဲဒီလိုထိခိုက်နိုင်မှု အကြောင်းအရာတွေ ရှိတယ်လို့ ပြောဆိုတဲ့ အကြောင်းအရာတွေထဲက တစ်ခုခုကြောင့် ရှိရင်တော့ အဲဒါမျိုး ကိုယ်ကကာကွယ်ပေးရမယ့် ဝတ္တရားရှိတာပေါ့နော်၊ အကယ်၍အဲဒီ အခြေအနေမျိုး မဟုတ်ဘူးဆိုရင်တော့ ဖော်ပြလို့ရတယ်လို့ ကျနော်မြင်တယ် ဒါကျင့်ဝတ်အရတော့ ဘာမှ ချိုးဖောက်တယ်လို့ မရှိဘူးလို့မြင်ပါတယ်”

ဂျီနီဗာ သဘောတူညီချက်အရ ပြည်ပစစ်ပွဲတွေ ပြည်တွင်းတိုက်ပွဲတွေကြားမှာ အရပ်သား ပြည်သူတွေကို ထိခိုက်နစ်နာမှုမရှိအောင် ဒဏ်ရာရပြီးသား စစ်သည်တွေကို နှိပ်စက်ညှဉ်းပန်းတာမျိုး မလုပ်ဆောင်ရဘူးဆိုပြီး တားမြစ်ထားပါတယ်။

စစ်သုံ့ပန်းတွေရဲ့ ပြောဆိုချက်ကို ဝါဒဖြန့်ချိရေး လုပ်ငန်းတွေမှာ မသုံးကြဖို့လည်း တားမြစ်ထားပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။