AA ထိန်းချုပ်နယ်မြေတွေမှာ လက်နက်တွေ့ရှိရင် လာရောက်အပ်နှံဖို့ ကြေညာ
2024.02.13

ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ရာနယ်မြေတွေမှာ အရပ်သားတွေ လက်နက်ကိုင်ဆောင်တာ၊ ရောင်းဝယ်တာတွေ လုပ်ခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ လက်နက်ကိုင်ထားသူတွေအနေနဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထားအပ်နှံဖို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ AA က ထုတ်ပြန်လိုက်ပါတယ်။
သတ်မှတ်ထားတဲ့ ရက်အတွင်း အပ်နှံဖို့ ပျက်ကွက်ခဲ့ရင် စစ်ဆေးတွေ့ရှိတဲ့အခါ အရေးယူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
AA က စစ်ကောင်စီတပ်ရင်းတွေ၊ တပ်စခန်းတွေကို သိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေက စခန်းတွေကို စွန့်ခွာပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဘက် ထွက်ပြေးကြသလို ရေကြောင်းတိုက်ပွဲတွေမှာလည်း စစ်သင်္ဘော၊ ဇက်သင်္ဘောတွေပေါ်ကနေ ထွက်ပြေးကြပြီး ရပ်ရွာတွေထဲ အရပ်ဝတ်တွေနဲ့ ထွက်ပြေးတာတွေရှိတယ်လို့လည်း ဆိုပါတယ်။
အဲဒီလိုထွက်ပြေးရာမှာ လက်နက်ခဲယမ်းတွေကို ဖျက်ဆီးတာ၊ သယ်ဆောင်သွားကြတာတွေ ရှိသလို တောတောင်တွေ၊ ချောင်းမြောင်းတွေမှာ လွှင့်ပစ်တာ၊ မြေကြီးထဲ မြှုပ်တာတွေရှိတယ်လို့လည်း ရေးသားထားပါတယ်။
အဲဒီလွှင့်ပစ်တဲ့လက်နက်တွေကို AA က ရှာဖွေတွေ့ရှိသလို၊ မတွေ့ရှိသေးတာတွေလည်း ကျန်သေးတာကြောင့် ဒီလက်နက်တွေကို တွေ့ခဲ့ရင် နီးစပ်ရာ AA စခန်းတွေ၊ AA လက်အောက်က အုပ်ချုပ်ရေးမှူးတွေ၊ နယ်မြေမှူးတွေဆီ အပ်နှံဖို့ တိုက်တွန်းထားပါတယ်။
ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဗျူဟာစခန်းတွေ၊ တပ်ရင်းဌာနချုပ်တွေ၊ တပ်မဌာနချုပ်တွေ၊ နယ်ခြားစောင့်စခန်းတွေ၊ ရဲတပ်ရင်းတွေနဲ့ ရဲစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ဖို့ ရည်မှန်းထားတယ်လို့လည်း ဆိုပါတယ်။
ဒီရည်မှန်းချက်အတိုင်း ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ စစ်ဘက်၊ ရဲဘက်စခန်းတွေကို သိမ်းပိုက်ရရှိခဲ့သလို ကျန်ရှိနေတဲ့ စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မယ်လို့ ကြေညာထားပါတယ်။
ရက္ခိုင့်တပ်တော် (AA) ဟာ လက်ရှိ ရခိုင်ပြည်နယ်က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နဲ့ တောင်ပြိုလက်ဝဲအပြင် ချင်းပြည်နယ်က ပလက်ဝမြို့ကိုပါ သိမ်းပိုက်ထားပါတယ်။