ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆို
2015.09.28

လာမယ့် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့နဲ့ FPPS နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့က ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမှသာ လာမယ့်ရွေးကောက်ပွဲဟာ အားလုံးပါဝင်ခွင့် ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်မှာဖြစ်တယ်လို့ AAPP အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။
"ကြေညာချက်ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကလည်း လုပ်တော့မယ်ဆိုတော့ ကျနော်တို့အတွက် ဒီလိုမျိုးအပြောင်းအလဲ ကာလမျိုးတွေမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်ကိုသော်၎င်း၊ ဒီမိုကရေစီရေးအတွက်သော်၎င်း နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခြင်းအားဖြင့် လွတ်လပ်မယ်ဆိုတဲ့ အမြင်မျိုးကို ပြည်သူတွေ မြင်လာဖို့ရှိပါတယ်၊ ထို့အတူပဲ နိုင်ငံတကာကလည်း အဲ့လိုအမြင်မျိုးတွေ မြင်လာဖို့ရှိပါတယ်"
မကြာခင်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုတော့ မှာဖြစ်တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်လို့ဆိုပြီး ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေး ဖို့လည်းလိုတယ်လို့ ဦးတိတ်နိုင်က ပြောပါတယ်။ AAPP က ပြုစုထားတဲ့ စာရင်းတွေအရ လက်ရှိအကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ကျော် ရှိပြီး တရားရင်ဆိုင်နေရသူ ၅၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။
AAPPအထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်ကို RFA သတင်းထောက် မမိုးကလျာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။