အစိုးရသစ်မတက်ခင် နိုင်ကျဉ်းတွေ ပြန်လွှတ်ဖို့ AAPP တောင်းဆို
2015.11.12

သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ နောက်တက်လာမယ့် အစိုးရသစ်ကို အာဏာမလွှဲခင် မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP-B က မနေ့က တောင်းဆိုလိုက်ပါတယ်။
အောက်တိုဘာလကုန်အထိ အကျဉ်းထောင်တွေအတွင်း ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းကို AAPP က ထုတ်ပြန်ခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၁၁၂ဦးရှိပြီး၊ အမှုရင်ဆိုင်နေရသူ ၄၈၆ ဦး ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။
ဦးသိန်းစိန်အစိုးရအနေနဲ့ နောက်အစိုးရကို အာဏာမလွှဲခင် စိတ်ကောင်း စေတနာကောင်းကိုပြသတဲ့အနေနဲ့ အဲဒီ အဖမ်းခံနေရသူတွေနဲ့အမူရင်ဆိုင်နေရသူတွေ ကို လွှတ်ပေးသင့်တယ်လို့ AAPP အဖွဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။
"အာဏာမလွှဲခင်မှာ အဆင်ပြေချောမွေ့စွာနဲ့ လွှဲပေးနိုင်တယ်ဆိုရင် သဘောမတူလို့၊ သဘောထားခြင်းမတိုက်ဆိုင်လို့ နိုင်ငံရေးအရ ဖမ်းဆီးထားတဲ့ လူတွေကို လွှတ်ပေးဖို့ မဖြစ်မနေလိုတယ်ဆိုတဲ့ကိစ္စကို ကျနော်တော့ပြောချင်တယ်၊ ဒီနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက် တယ်ဆိုရင် စိတ်ကောင်း၊ စေတနာကောင်းကို ပြသရာရောက်တယ်၊ နောက်တစ်ခါနိုင်ငံတကာ လူထုတွေ ရဲ့စောင့်ကြည့်နေတဲ့ အထဲမှာ ချီးကျူးတဲ့ကိစ္စတွေ အများကြီးဖြစ် လာမှာပါ၊ မဟုတ်ဘူးဆိုရင်တော့ ဒီကနေ့လက်ရှိအစိုးရရဲ့ သမိုင်းမှာအစွန်းအထင်းဖြစ်သွားနိုင်တဲ့ ကိစ္စမျိုးဖြစ်နိုင်ပါတယ်၊ စိတ်ကောင်း၊ စေတနာကောင်းတွေ ကို ပြသင့်တယ်လို့ ကျနော်တော့ထင်ပါတယ်"
နိုင်ငံရေးအကျဉ်းသားဆိုတာ၊ ရာဇဝတ်မှုကျူးလွန်သူတွေမဟုတ်ဘဲ၊ နိုင်ငံရေးအရ မတူညီတဲ့ခံယူချက် ရှိသူ တွေသာဖြစ်တယ်ဆိုတာ၊ လက်ရှိအစိုးရအနေနဲ့ အခုချိန်အထိ လက်မခံသေးဘဲ၊ ဆက်လက် ဖမ်းဆီးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
AAPP အနေနဲ့ ရွေးကောက်ပွဲမတိုင်ခင်ကလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ သန့်ရှင်း တရား မျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံအကျဉ်းထောင်တွေအတွင်း ကျန်ရှိနေသေးတဲ့နိုင်ငံရေးအကျဉ်းသားများနဲ့ ပတ်သက်ပြီး အစိုးရသစ် တက်လာချိန်မှာ ကြုံတွေ့လာနိုင်တဲ့ အခြေအနေတွေအပေါ် AAPP-Bအဖွဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အစာငတ်ခံဆန္ဒ ထုတ်ဖော်နေတဲ့ ဗကသ ကျောင်းသား နှစ်ဦးကို မြင်းခြံမြို့နယ် တရားရုံးမှာရုံးထုတ်စစ်ဆေး ခဲ့ပါတယ်။
RFA သတင်းထောက် မရွှေရည်မဉ္ဇူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။