နိုင်ငံရေးအကျဉ်းသား ၆ဝ ကျော် လွတ်လာလို့ AAPP ပြော


2016.04.17
political-prisoners-free-620.jpg နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင်က ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းထောင် အသီးသီးကနေ လွတ်မြောက်လာသူ ၈၃ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

ဒီနေ့ လွတ်မြောက်လာသူတွေဟာ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေဖြစ်ပြီး အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၆ဝ ဝန်းကျင်လောက် ကျန်နေ ဆဲဖြစ်ကြောင်း AAPP အဖွဲ့ဝင် ကိုအောင်မျိုးကျော် က ပြောပါတယ်။

"လွှတ်တာကတော့ ၈၃ ယောက်၊ အခြား ၂ဝ စာရင်းကတော့ ကျနော်တို့လည်း လိုက်စုံစမ်းနေတာရှိသေး တယ်ဗျ၊ ကျနော်တို့စာရင်းအရတော့ ၁၂၁ ယောက် စာရင်းကို ပို့ပေးထားတယ်လေ၊ အခု အဲ့ဒီအထဲက ၆၃ ယောက်ပါတာပေါ့နော်၊ ကျနော်တို့ လက်လှမ်းမမီတဲ့နေရာတွေမှာလည်း ရှိနိုင်တယ်လေ၊ အဲ့ဒီလူတွေ လည်း ပါကောင်းပါသွားနိုင်တာပေါ့နော်၊ ထောင်ကျပြီးသားက အခုစာရင်းအတိုင်းဆိုရင် ၆ဝ ဝန်းကျင်လောက်ကျန်မယ်၊ တရားရင်ဆိုင်နေရတာက ၂၇၁ ယောက်ကျန်မယ်၊ လွှတ်တာကတော့ တရား ရင်ဆိုင်နေရတာတွေ မပါပါဘူး၊ သြင်္ကန်မတိုင်ခင်က လွှတ်တာကတော့ တရားရင်ဆိုင်နေရတဲ့ ကျောင်းသား သပိတ်နဲ့ ပတ်သက်ပြီးတော့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေလွှတ်တယ်၊ အခုတစ်ကြိမ်က ထောင်ကျ ပြီးသားလူတွေလွှတ်တယ်၊ နောက်တစ်ကြိမ်ကတော့ နောက်ထပ်အချုပ်တွေရော၊ ကျန်တဲ့ထောင်ကျ ပြီးသား နိုင်ငံရေးအကျဉ်းသားတွေရောပါမယ်လို့ ကျနော်တို့ မျှော်လင့်ရတာပေါ့"

လွတ်မြောက်လာသူတွေထဲမှာ အင်းစိန်ထောင်က ၁၆ ဦး၊ ပခုက္ကူထောင်က ၅ ဦး၊ စစ်တွေထောင်က ၄ ဦး၊ ပြည်ထောင်က ၆ ဦး၊ အိုးဘိုထောင်က ၄ ဦး၊ ထုံးဘိုရဲဘက်စခန်းက ၂ ဦး၊ မြင်းခြံထောင်က ၅ ဦး၊ သထုံထောင်က ၉ ဦး၊ တောင်ငူထောင်က ၄ ဦး၊ မုံရွာထောင်က ၁ ဦး၊ ညောင်ဦးထောင်က ၁ ဦး၊ ရဲဘက်စခန်းတွေက ၆ ဦး တို့ ပါဝင်တယ်လို့ AAPP ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အင်းစိန်ထောင်က ၁၆ ဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တရားမဝင်စီတန်းလှည့်လည်မှုတို့နဲ့ အင်းစိန်ထောင် မှာ အကျဉ်းချခံထားရတဲ့ ဒေါ်နော်အုံးလှ၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ကိုထင်ကျော်တို့ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်သွယ်မှုကြောင့် စစ်တွေထောင်မှာ အကျဉ်းချခံထားရသူ ၄ ဦး၊ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေပုဒ်မနဲ့ ပခုက္ကူထောင်မှာ အကျဉ်းကျနေတဲ့ ယူနတီသတင်းသမား ၅ ဦး၊ ဘာသာ သာသနာညှိုးနွမ်းစေမှုနဲ့ မုံရွာထောင်မှာ အကျဉ်းကျနေတဲ့ စာရေးဆရာ ထင်လင်းဦး တို့လည်း လွတ်မြောက်လာ ပါတယ်။

ဒါ့အပြင် အင်းစိန်ထောင်မှာ အီလက်ထရောနစ်ဥပဒေပုဒ်မ ၊ အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မတို့နဲ့ နှစ်ပေါင်း ၂၀ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ လေတပ်က ဗိုလ်ကြီး နေလင်းဒွေး နဲ့ ဗိုလ်ကြီး ချစ်ကို လည်း ပါဝင်ပါတယ်။

AAPP ရဲ့စာရင်းတွေထဲမှာ မပါဝင်ဘဲ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ လားရှိုးအကျဉ်းထောင်က ၈ ဦး၊ သီပေါထောင် ၁ ဦး၊ ကျိုက်မရောထောင်က ၁ ဦးတို့လည်း လွတ်မြောက်လာတယ်လို့ RFA က စုံစမ်းသိရပါတယ်။

နှစ်သစ်ကူးချိန်မှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်သူလူထုနှလုံးစိတ်ဝမ်းငြိမ်းချမ်း စေဖို့အတွက် အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၈၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အစိုးရသစ်တာဝန်စတင်ထမ်းဆောင်တဲ့ ရက်ပေါင်း ၁၇ ရက်အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်း သာခွင့်ပေးတာ ၂ ကြိမ်ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။