ဗကသ ခေါင်းဆောင်များ ပြန်လည် လွတ်မြောက်လာ

ဇူလိုင် (၇) ရက်နေ့ အထိမ်းအမှတ် အခမ်းအနား မကျင်းပနိုင်အောင် နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်တာဟာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်း နှိပ်စက်မှု ဖြစ်တယ်လို့ ကျောင်းသား ခေါင်းဆောင် ကိုစည်သူမောင်က ပြန်လည် လွတ်မြောက်လာအပြီး ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

2012.07.07
abfsu-release-0707-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြန်လည် လွတ်မြောက်လာသော ကျောင်းသား ခေါင်းဆောင် ကိုစည်သူမောင်က ရှင်းလင်းပြောဆိုနေစဉ်။
Photo: 88 Generation Students

"ကျွန်တော်တို့ ဟိုမှာကြုံလိုက်ရတာတော့ ဖမ်းဆီး ထိန်းသိမ်းထားတာပါ။ သွားတာ လာတာကို ဘယ်မှ ပေးမသွားဘူး။ အခန်းထဲမှာ ကျွန်တော်တို့ကို ထည့်ထားမယ်။ မနက် ၃ နာရီ ၄ နာရီအထိကို ကျွန်တော်တို့ကို စစ်ဆေးမေးမြန်းပါတယ်။ စိတ်ပိုင်းဆိုင်ရာ အရ ကျွန်တော်တို့ကို ဒါညှဉ်းပန်းနှိပ်စက်မှု တစ်ခုပါ။ နောက်တစ်ခုကလည်း ရုပ်ပိုင်းဆိုင်ရာ အရလည်း ကျွန်တော်တို့ ကျန်းမာရေး ထိခိုက်အောင် ရည်ရွယ်ပုံရပါတယ်"

ကိုစည်သူမောင်ဟာ နှစ်ငါးဆယ်ပြည့် ဇူလိုင် ခုနှစ်ရက်နေ့ အခမ်းအနား ကျင်းပရန် စီစဉ်မှုနဲ့ ဇူလိုင် ၆ ရက် နေ့ညက ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင်တို့နဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။

သူတို့ လေးဦးစလုံးဟာ ဇူလိုင် (၇) ရက်နေ့ ည (၇) နာရီမှာ ပြန်လည် လွတ်မြောက်လာပြီး နာရီပိုင်းအတွင်းမှာပဲ ပြည်တွင်း၊ ပြည်ပ သတင်းစာဆရာတွေနဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ တွေ့ဆုံခဲ့ပါတယ်။

တခြားနယ်မြို့တွေ ဖြစ်တဲ့ မန္တလေး၊ ရွှေဘို၊ မြင်းခြံနဲ့ လားရှိုးမြို့တွေမှာလည်း ကျောင်းသားခေါင်းဆောင် (၁၉) ဦး ကို ဇူလိုင် (၆) ရက်နေ့ ညက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နောက်တစ်နေ့ ညနေမှာ သူတို့အားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။