မီဒီယာကောင်စီထုတ်ပြန်ချက် ခြိမ်းခြောက်မှု ဖြစ်ကြောင်း သတင်းသမားတွေပြော

သတင်းမီဒီယာသမားတွေအနေနဲ့ အရင်အစိုးရအဖွဲ့ရဲ့ အမည်၊ ရာထူး၊ ဌာနနဲ့ အင်္ဂါစဉ်တွေအတိုင်း သုံးစွဲခြင်း မပြုဖို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက မနေ့က ထုတ်ပြန်ချက်ဟာ သတင်းမီဒီယာ အပေါ် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်တယ်လို့ သတင်းသမားတွေက ပြောပါတယ်။
သတင်းရေးသားဖော်ပြရာမှာ ယခင်အစိုးရလက်ထက်က တာဝန်ယူခဲ့တဲ့ လူပုဂ္ဂိုလ် အမည်၊ ရာထူးနဲ့ ဌာနတွေ ကို လက်ရှိရာထူးရှိနေသဖွယ် ဆက်မရေးဖို့နဲ့ ဥပဒေအရ ငြိစွန်းမှုဖြစ်ပေါ်လာခဲ့ရင် တစ်စုံတစ်ရာ ကူညီဖြေရှင်း ဆောင်ရွက်ပေးမှာ မဟုတ်ကြောင်း စစ်ကောင်စီ သတင်းမီဒီယာကောင်စီရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"မီဒီယာတွေအပေါ် ဒီလိုလုပ်ပါ၊ ဒီလိုမရေးပါနဲ့ဆိုတော့ အဲဒီအဖွဲ့အစည်းက မီဒီယာလောကအကျိုးအတွက် ဘာတွေများ လုပ်ပေးနေလို့လဲ၊ ဘာတွေများကူညီလုပ်ဆောင်ပေးနေလို့လဲ။ အဲဒီအပေါ် မူတည်ပြီး ပြောရရင် ဒီလိုအဖွဲ့အစည်းရဲ့ စကားကို ဘယ်မီဒီယာတွေကမှ အရေးတယူ အဖက်လုပ်မှာမဟုတ်ဘူး" လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတင်းဌာနအယ်ဒီတာချုပ်တစ်ဦးက RFA ကိုပြောပါတယ်။
ဒီထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေနဲ့ သူတို့ ဘယ်လိုရပ်တည်လဲဆိုတာကို ပြလိုက်တာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
လက်ရှိမြေပြင်မှာ အလုပ်လုပ်နေတဲ့ သတင်းသမားအချို့ကလည်း စစ်ကောင်စီက ခန့်အပ်ထားတဲ့ သတင်း မီဒီယာ ကောင်စီအပေါ် ယုံကြည်မှုမရှိတာကြောင့် ဒီထုတ်ပြန်ချက်ကို လက်ခံမှာမဟုတ်ဘူးလို့ ပြောပါတယ်။
"စစ်တပ်က အာဏာသိမ်းပြီးကတည်းက မီဒီယာနဲ့ဆိုင်တဲ့ ဘယ်ကိစ္စမှ ကောင်စီကိုလာပြီး တိုင်ကြားတာ မျိုး မရှိပါဘူး။ ကောင်စီကလည်း ဘာမှဖြေရှင်းပေးတာမျိုး မရှိဘူး။ စစ်တပ်က ဖမ်းချင်ရင် တိုက်ရိုက် သွားဖမ်းတာပဲလေ။ အဲဒီတော့ ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး" လို့ NLD အစိုးရလက်ထက် သတင်း မီဒီယာကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သူတစ်ဦးက RFA ကိုပြောပါတယ်။
သတင်းမီဒီယာဥပဒေပုဒ်မ- ၉ မှာပါတဲ့ သတင်းရေးသားရာမှာ အချက်အလက်တိကျမှန်ကန်ရမယ်ဆိုတာနဲ့ တိုင်းပြီး အခုလို ထုတ်ပြန်တာဖြစ်နိုင်ကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အရင် အတိုင်း အခေါ်အဝေါ်တွေကို မရေးစေချင်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။
လက်ရှိသတင်းမီဒီယာကောင်စီဟာ စစ်ကောင်စီရဲ့အစီအစဉ်နဲ့ အသစ်ပြန်လည်ဖွဲ့စည်း ထားတာဖြစ်သလို နိုဝင်ဘာလ ၂၄ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ကတိသစ္စာပြုအခမ်းအနားကိုလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။