မြန်မာပိုင်နက် တရုတ်အလံ စိုက်ထူမှု ရှမ်းရွာသား ၅ဝဝ လောက် စုရုံးကန့်ကွက်
2015.04.03

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်း မူဆယ် ခရိုင်အတွင်း နယ်စပ်အငြင်းပွားနေတဲ့ဒေသမှာ ဒီနေ့ မနက် ၈ နာရီက တရုတ်နိုင်ငံဘက်က တရုတ်နိုင်ငံ အလံ လာရောက်စိုက်ထူတာကြောင့် မြန်မာနိုင်ငံဘက် က ဒေသခံရွာသား ၅ဝဝ လောက် သွားရောက် ကန့်ကွက်ခဲ့ပါတယ်။
တရုတ်နိုင်ငံဘက်က လက်နက်ကိုင် နယ်ခြားစောင့် တပ်တွေအပါအဝင် လူအင်အား၂ဝ လောက်ဟာ ဒီနေ့မနက်က မူဆယ်ခရိုင် နမ်းခမ်းမြို့နယ် မန့်နောင် ရွာအနီးကို ရောက်ရှိလာပါတယ်။ သူတို့ကတော့ ရွှေ လီမြစ်ကိုဖြတ်ပြီး တံတားတည်ဆောက်မယ့် စီမံကိန်း အတွက်တိုင်းတာဖို့ လာရောက်လို့ပြောကြောင်း နမ်းခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ အတွင်းရေးမှူး စိုင်းထွန်းလှက ပြောပါတယ်။
"ဒီကနေ့ပဲဗျ၊ ဒီနေ့ ၈ နာရီ ကျနော်တို့ရဲ့ ဌာနဆိုင်ရာဘက်ကိုလည်း သူတို့ဘာမှမပို့ဘူး၊ ဘာမှမပို့ပဲနဲ့ သူတို့ကအလံလာထောင်တယ်၊ အယောက် ၂ဝ လောက်ပေါ့၊ ဌာနဆိုင်ရာတွေအပါအဝင် ပြီးတော့ သူတို့ရဲ့နယ်ခြားစောင့်တပ်တွေရော လက်နက်အပြည့်အစုံနဲ့လာကြတယ်၊ လူ ၂ဝ လောက်ပေါ့ ရွာသားတွေက စိုးရိမ်ပြီးတော့လေ သွားကြတယ်၊ သွားကြတယ်ဆိုတော့ လူက လေးငါးခြောက်ရာလောက်ရှိတယ်၊ ကန့်ကွက်ကြတာပေါ့"
သူတို့လာရောက်တာကို ဒေသခံတွေသိရှိပြီးနောက် သွားရောက်ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကိစ္စကို ရှမ်းပြည်နယ် အစိုးရထံအဆင့်ဆင့်တင်ပြပြီး၊ ပြည်နယ်အစိုးရ ထုတ်ပြန်ထားတဲ့စာကို မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးက သွားရောက်ပြသခဲ့ပြီးတဲ့နောက် တရုတ်အဖွဲ့ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က အဲ့ဒီဒေသမှာ တရုတ်မြန်မာနှစ်နိုင်ငံ နယ်ခြားမှတ်တိုင်စိုက်ခဲ့ရာမှာ မြန်မာပိုင်နက်မြေတွေ တရုတ်ဘက်ကိုပါသွားတာကြောင့် ဒေသခံတွေက ကန့်ကွက်ကြပြီးနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် လာရောက်ကြည့်ရူပြီး စိုက်ထူထားတဲ့ မှတ်တိုင်တွေကို ပြန်နှုတ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ နမ်းခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး စိုင်းထွန်းလှကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။