ကျဆုံးသူတွေအတွက် မကဒတ ထောက်ပံ့ငွေပေးအပ်
2014.02.13

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ဖွဲ့စည်းတည်ထောင်ခြင်း ၂၅နှစ်မြောက် ငွေရတုအထိမ်းအမှတ်နဲ့ ဂုဏ်ပြုလွှာပေး အပ်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ် တောင်ကြီးမြို့ ကတ်သလစ် အောက်မေ့ဖွယ်ဓမ္မာရုံမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
ဒီနေ့အခမ်းအနားမှာ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း ကျဆုံးသွားကြတဲ့ အဖွဲ့ဝင်ဟောင်းတွေကို သူတို့မွေးရပ်ဒေသတွေမှာ ဂုဏ်ပြုပွဲကျင်းပပေးတာ ဖြစ်တဲ့အကြောင်း ပြောခဲ့ ပါတယ်။
“ဒီမိုကရေစီရေးတိုက်ပွဲ၊ လူ့အခွင့်အရေးတိုက်ပွဲ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲမှာပေါ့၊ အထူးသဖြင့် ဒီဘက်ရှမ်းပြည်နယ်၊ နောက် တစ်ခုကတော့ ကယားပြည်နယ်ဒေသတွေမှာ တာဝန်ထမ်းဆောင်သွားခဲ့ကြတဲ့ ရဲဘော်တွေရှိပါတယ်၊ ဒီရဲဘော်တွေထဲက ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် သူတို့ရဲ့မိခင်ဒေသမှာ ဂုဏ်ပြုပွဲအခမ်းအနားတစ်ခုကို ကျင်းပရတာဖြစ်ပါတယ်”
ဒီနေ့အခမ်းအနားမှာ ရှမ်းပြည်နယ်အခြေစိုက် ABSDF တပ်ရင်း ၄ မှာ ကျဆုံးသွားတဲ့ ရဲဘော် ၁၀ ဦးအတွက် ကျန်ရစ်တဲ့မိသားစုတွေကို ဂုဏ်ပြုဆုတွေ ပေးအပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ အလားတူ အခမ်းအနားကျင်းပခဲ့ပြီး ကျန်တဲ့ပြည်နယ်တွေမှာလည်း အလားတူ အခမ်းအနားတွေ ကျင်းပသွားမယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း ABSDF မှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၇၀၀ ကျော်နဲ့ ဒဏ်ရာရရဲဘော် ၅၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။