NCA ပွဲ တက်ရောက်မှု ABSDF ဗဟိုရဲ့ သဘောထားမဟုတ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၆ နှစ်ပြည့် နှစ်ပတ်လည်ပွဲကို ABSDF က ပါဝင်တက်ရောက်ခဲ့ရာမှာ ဗဟိုကော်မတီရဲ့ သဘောထားမပါဘူးလို့ ဒီနေ့ အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
NCA ၆ နှစ်ပြည့်ပွဲမှာ ပြောကြားချက်တွေကလည်း အခမ်းအနားကို တက်ရောက်ခဲ့တဲ့သူ ဦးမင်းဇော်ရဲ့ ပုဂ္ဂိုလ်ရေး သဘောထားသာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ဆိုပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ NCA ၆ နှစ်ပြည့်ပွဲမှာ လက်မှတ်ထိုးပြီးသား လက်နက်ကိုင်အဖွဲ့တွေအဖြစ် (ABSDF) အဖွဲ့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအို့ဝ် အမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) စတဲ့ ၈ ဖွဲ့က တက်ရောက်ခဲ့ပါတယ်။
NCA မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲက ကရင်အမျိုးသားအစည်းအရုံး (KNU\KNLA) နဲ့ ချင်းအမျိုး သားတပ်ဦး (CNF) တို့ကတော့ မတက်ရောက်ခဲ့ပါဘူး။
စစ်ကောင်စီရဲ့ NCA ၆ နှစ်ပြည့် နှစ်ပတ်လည်ပွဲကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို လက်ရှိစစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်း ရေးအင်အားစု (GSCB) ကလည်း အောက်တိုဘာ ၁၆ ရက်နေ့က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ကြေညာထား ပါတယ်။