နိုင်ငံရေးဆွေးနွေးပွဲ စတင်ဖို့ ABSDF ဥက္ကဌ တိုက်တွန်း
2013.08.09

လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေပွဲတွေ တဆက်တည်းဖြစ်ပေါ်လာရေးတွေကို အစိုးရ ကဆောင်ရွက်သွားဖို့ လိုအပ်တယ် လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဌ ကိုသံခဲက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။
“အစိုးရဘက်ကနေပြီးတော့မှ ဒီနေ့သွားနေ တဲ့ နိုင်ငံရေးဖြစ်စဉ်မှာ အားလုံးယုံကြည်နိုင်မှု၊ လက်ခံနိုင်မှု၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွေကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိသည့် လုပ်နိုင်တဲ့ကိစ္စတွေ၊ ခုပြောတဲ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို တဆက်တည်းပါလာရေးကိစ္စတွေပါ တနည်းအားဖြင့် ဒီဆွေးနွေးပွဲတွေထဲမှာ ပဏာမ သဘောတူထားဖို့လိုပါတယ် ”
၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ABSDF အဖွဲ့တို့ တွေ့ဆုံပွဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုတွေ နဲ့ ABSDF အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တာတွေကို အဓိကထားဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့လုပ်ငန်းတွေနဲ့ ABSDF အဖွဲ့ရဲ့ လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်ရင် အားကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ဦးကိုကိုကြီးက ပြောပါတယ်။
မနက်ဖြန်မှာတော့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ ကိုသံခဲ ဦးဆောင်တဲ့ ABSDF အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပမှာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ABSDF ဥက္ကဌ ကိုသံခဲကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။