ရခိုင်မှာ PDF နဲ့ပတ်သက်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရသူ ဆေးကုသမှုခံယူနေရ

2021.12.09
ရခိုင်မှာ PDF နဲ့ပတ်သက်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရသူ ဆေးကုသမှုခံယူနေရ သံတွဲမြို့နယ်က လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ် ကို တွေ့ရစဉ်
Photo: CJ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်ဟာ အစာအိမ်ရောဂါကြောင့် သံတွဲအကျဉ်းထောင်မှာ ဆေးကုသမှုခံယူနေရတယ်လို့ အကျိုးဆောင်ရှေ့နေက RFA ကို ဒီနေ့ ပြောပါတယ်။

ဦးစိန်ချစ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က သူရဲ့နေအိမ်ကနေ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ငပလီ အမှတ် (၅၅) တပ်ရင်းက ဗိုလ်ကြီး နေဇော်ထက်က တရားလိုပြုလုပ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-(က)၊ ၅၂-(က)နဲ့ တရားရင်ဆိုင်နေရတာပါ။

မနေ့က သံတွဲခရိုင် တရားရုံးမှာ အမှုစစ်နေချိန်အတွင်း ဗိုက်အောင့်လာတာကြောင့် ဆေးတွေပြေးဝယ်ခဲ့ ရတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောပါတယ်။

ကိုစိန်ချစ်ဟာ နဂိုကတည်းက အစာအိမ်ရောဂါအခံရှိသူဖြစ်တာကြောင့် ဆေးတွေအဆက်မပြတ် သောက် နေရသူဖြစ်ပြီး အခုလက်ရှိ အကျဉ်းထောင်ထဲမှာ ဆေးတွေလည်း လုံလုံလောက်လောက် မရှိသလို စားတဲ့ အစားအစာတွေကလည်း မဆင်မပြေဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ လိုအပ်တဲ့ဆေးအချို့ကို အကျဉ်းထောင်ထဲကို သွင်းလို့မရဘူးဖြစ်နေတယ်လို့လည်း ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောပါတယ်။

အခုလက်ရှိ ကိုစိန်ချစ်နဲ့ ကိုရဲနိုင်ဦးတို့ နှစ်ယောက်အမှုမှာ တရားလိုနဲ့ တရားလိုပြသက်သေ ငါးဦးကို စစ်ဆေးပြီးသွားပြီဖြစ်ပြီး နောက်ထပ်တရားလိုပြသက်သေ ကိုးဦးကို ဆက်လက်စစ်ဆေးဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်တယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အသက် ၂၁ နှစ်အရွယ် မအေးမြင့်မြတ်အောင်ဟာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(ည)နဲ့ အမှုဖွင့်ဖမ်းဆီးခံထားရပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲခံထားရသူ အမျိုးသမီး ငါးဦးနဲ့ အမျိုးသား သုံးဦး စုစုပေါင်း ရှစ်ဦးအထိရှိသွားပြီဖြစ်ပါတယ်။

အဲဒီအထဲမှာ သံတွဲမြို့နယ်က အများဆုံးဖြစ်ပြီး တောင်ကုတ်၊ ကျောက်ဖြူ၊ မြောက်ဦး စတဲ့မြို့နယ်တွေ ကလည်း တစ်ဦးစီပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။