အက်စစ်စက်ရုံ အနံ့ဆိုး ရွာသားကန့်ကွက်
2016.04.13
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က စပယ်တောင်နဲ့ ကြေးစင်တောင်စီမံကိန်း ဧရိယာအနီးမှာရှိတဲ့ ဦးပိုင်ကုမ္ပဏီပိုင် မိုးကြိုးဆာလ်ဖျုုရစ်အက်စစ် စက်ရုံကနေ အနံ့ဆိုးမထွက်အောင် ဆောင်ရွက်ပေးသွားမယ်လို့ စက်ရုံတာဝန်ရှိသူတွေက ကံကုန်းကျေးရွာသားတွေကို ကတိပေးလိုက်ပါတယ်။
အက်စစ်စက်ရုံကနေ ထွက်ရှိတဲ့ အနံ့အသက်ဆိုးတွေကို မခံနိုင်တော့တာကြောင့် မနေ့ညက စက်ရုံရှေ့မှာ သွားရောက်တောင်းဆိုခဲ့တာဖြစ်တယ်လို့ ကံကုန်းကျေးရွာသား ကိုတင်အောင်စိုးက ပြောပါတယ်။
"နှားခေါင်းတွေယားတယ်၊ အာခေါင်တွေခြောက်လာတယ်၊ ချောင်းဆိုးနှာမွန်တာတွေဖြစ်လာတယ်၊ အကြောအချဉ်လေးလာတဲ့ပုံစံမျိုးတွေ ဖြစ်နေတဲ့ အနေအထားတစ်ခုကို လက်တွေ့ခံစားနေရတယ်ဗျ၊ ကလေးတွေတင်မကဘူး လူကြီးတွေပါ မွန်းကြပ်တာတွေ ခံစားနေရတယ်"
စက်ရုံအတွင်းက ပိုက်တွေ ပျက်စီးနေတာကြောင့် အနံ့ဆိုးတွေ ထွက်နေတာဖြစ်ကြောင်းနဲ့ သြင်္ကန်ကာလအတွင်း လုပ်ငန်းရပ်ဆိုင်ပြီး ပြုပြင်သွားမှာဖြစ်ကြောင်း စက်ရုံမှူးက ကံကုန်းကျေးရွာသူ ကျေးရွာသားတွေကို ကတိပေးခဲ့တာဖြစ်ပါတယ်။
စက်ရုံစတင်တည်ထောင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကစတင်ပြီး စက်ရုံအနီးမှာရှိတဲ့ ကံကုန်း၊ ထနောင်းကုန်း ၊ အေးကုန်း စတဲ့ ကျေးရွာတွေမှာ မကြာခဏဆိုသလို အနံ့ဆိုးတွေ ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။