ကမ္ဘာကျော် အမှတ်တံဆိပ်တွေပါတဲ့ ACT အဖွဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာမည်
ကမ္ဘာကျော် အမှတ်တံဆိပ်တွေဖြစ်တဲ့ Adidas၊ Zara နဲ့ H&M တို့ပါဝင်တဲ့ ACT (Action Collaboration Transformation) အဖွဲ့ဟာ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက ကြေညာပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လပ်စွာ ရပ်တည်ခွင့်မရတာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာတွေကြောင့် ACT အဖွဲ့အနေနဲ့ ထွက်ခွာတာလို့ မြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ရဲ့ ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင် က RFA ကို ပြောပါတယ်။
"IWFM အနေနဲ့ ACT က နုတ်ထွက်ရတဲ့ကိစ္စသည် လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်မရှိတော့ဘူး။ အလုပ်သမားအခွင့်အရေးများကို ကာကွယ်မပေးနိုင်တော့ဘူး။ Brand များသည် EU က ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်နေတဲ့ Brand များဖြစ်ပေမယ့် သူတို့သည် မြန်မာနိုင်ငံမှာရှိတဲ့ စက်ရုံများကို ထိန်းချုပ်နိုင်ခြင်း လွှမ်းမိုးနိုင်ခြင်း မရှိတော့ဘူး"
ဒါ့အပြင် ပြည်တွင်းက စက်ရုံတွေဟာ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ရုံတင်မကဘဲ အာဏာရှင် စနစ်ကို ထောက်ခံနေသလို ငွေကြေးဆိုင်ရာအရ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး ပံ့ပိုးနေကြတယ်လို့ ပြောပါတယ်။
ACT (Action Collaboration Transformation) အဖွဲ့ဆိုတာဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်တွေနဲ့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (IndustriALL Global Union) ကြား ပူးပေါင်းဆောင်ရွက် နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
ACT အဖွဲ့မှာ နာမည်ကျော် အမှတ်တံဆိပ်ပေါင်း ၂၁ ခု ပါဝင်နေပြီး မြန်မာနိုင်ငံမှာ အမှတ်တံဆိပ် ၁၀ ခု ကျော်ကို ထုတ်လုပ်နေတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ဟာ ကမ္ဘာလုံးဆိုင်ရာ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (IndustriALL Global Union) ရဲ့ အဖွဲ့ဝင်တစ်ခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံ ၂၀၀ ခန့်ကနေ အဲဒီအမှတ်တံဆိပ်တွေအတွက် ထုတ်လုပ်ပေးနေပြီး အဲဒီထဲမှာ လုပ်သား တစ်သိန်းခွဲဝန်းကျင် ပါဝင်လုပ်ကိုင်နေတယ်လို့ IWFM ရဲ့ ဥက္ကဋ္ဌက ဆိုပါတယ်။