ရခိုင်ကလာပြီး ကျန်းမာရေး စစ်ဆေးမှုမခံယူသူတွေကို အရေးယူမည်


2020.09.09
sittwe-airport-622.jpg ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်ကနေ ပြန်လည်ထွက်ခွာမယ့် လေယာဉ်တစ်စီးကို ၂၀၂၀၊ ဖေဖော်ဝါရီ ၆ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - မင်းသိန်းအောင်/ RFA

ရခိုင်ပြည်နယ်ကနေ အခြားတိုင်းနဲ့ ပြည်နယ်တွေကို ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက် နောက်ပိုင်း ရောက်လာသူတွေ စက်တင်ဘာ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး နီးစပ်ရာ ကျန်းမာရေးဌာနတွေကို မဆက်သွယ်ရင် ဘဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူမယ်လို့ စက်တင်ဘာ ၈ ရက်နေ့မှာ အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော် အစိုးရကဖွဲ့စည်းထားတဲ့ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်လည်စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်ကနေ ရန်ကုန်တိုင်းကို လေယာဉ်နဲ့ ခရီးသွားခဲ့သူ ၅၄၀၉ ယောက်ရှိပြီး အဲဒီအထဲက ၂၆၂၂ ယောက်သာ ဖုန်းနဲ့အဆက်အသွယ်ရခဲ့လို့ ၁၅၇၄ ယောက်သာ ကျန်းမာရေးဌာတွေကို ဆက်သွယ်ခဲ့တယ်လို့ ပြောထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သြဂုတ် ၁၀ ရက်နေ့စပြီး ရခိုင်ပြည်နယ်ကနေ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို သွားခဲ့သူတွေရော ပြန်လာသူတွေပါ နီးစပ်ရာကျန်းမာရေးဌာနတွေကို ဆက်သွယ်ဖို့ သြဂုတ် ၂၆ ရက်နေ့ကတည်းက ထုန်ပြန်ကြေညာခဲ့ပေမယ့် ဒီနေ့အချိန်ထိ အယောက် ၄၀၀၀ နီးပါးက မဆက်သွယ်ကြတာပါ။

ဒါကြောင့် နောက်ဆုံးဆက်သွယ်ရမယ့် စက်တင်ဘာ ၁၁ ရက်နေ့အထိ သတင်းပို့တာ ဆက်သွယ်တာ မလုပ်ရင် ကာယကံရှင်ကိုရော အဲ့ဒီလူကို သိလျက်နဲ့ ဖုံးကွယ်ထားသူကိုရော သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က) အရ ပြစ်မှုထင်ရှားရင် တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

ကပ်ရောဂါကာလအတွင်းမှာ စည်းကမ်းမလိုက်နာသူပေါင်း (၁၉၈၉၇) ဦးကို အရေးယူခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။