လိုင်စင်မဲ့ ငါးဖမ်းစက်လှေတွေကို အရေးယူနေတယ်လို့ ဝန်ကြီးပြော
2018.08.21

ရခိုင်ပြည်နယ်မှာ တရားမဝင် လိုင်စင်မဲ့ ငါးဖမ်းစက်လှေတွေကို ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး အရေးယူဆောင်ရွက်နေ တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုဝန်ကြီး ဦးကျော်လွင်က ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာပြောပါတယ်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပေါက်တောမြို့နယ်အတွင်းမှာ မွတ်စလင်တွေဟာ တရားမဝင်ငါးဖမ်းတာတွေ လုပ်နေတယ်ဆိုပြီး မေးခွန်းမှာ ထည့်သွင်းမေးမြန်းခဲ့ရာမှာ ဝန်ကြီးဦးကျော်လွင် က ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ကမ်းဝေးငါးဖမ်းလှေတွေ ကမ်းနီးကို ဝင်ရောက်ဖမ်းဆီးတာတွေရှိနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပင်လယ်ပြင် ငါးဖမ်းရေယာဉ်တွေကို စစ်ဆေးဖို့ ပြည်ထောင်စုအစိုးရက တပ်မတော်ကို တာဝန်ပေးအပ်ထားတယ်လို့လည်း ဝန်ကြီးကပြောပါတယ်။
အစိုးရအနေနဲ့ တရားမဝင် ငါးဖမ်းဆီးတဲ့ကိစ္စတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ဖို့ကို လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလက နယ်ခြားစောင့်ရဲစခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နောက်ပိုင်း လုံခြုံရေးအကြောင်းပြချက်နဲ့ မွတ်စလင်တွေကို လိုင်စင်မရှိဘဲ ပင်လယ်ပြင်ထွက်ပြီး ငါးဖမ်းဆီးခွင့်ကို အစိုးရက တားမြစ်ထားတာဖြစ်ပါတယ်။