ဆန္ဒပြတောင်းဆိုသူ ဦးဘမြင့်ကို နောက်ထပ်ထောင် ၈ လချမှတ်


2015.07.08
ubamyint-620.jpg ဇူလိုင်လ ၈ ရက်နေ့က ဦးဘမြင့်ကို ကျော်တံတားမြို့နယ်တရားရုံးမှာ စစ်ဆေးဖို့ခေါ်ဆောင်လာစဉ်
Photo: Aung Thain Kha/ RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တောင်သူ ဒေါ်ခင်ဝင်းသေနတ်မှန်သေဆုံးခဲ့တာကို အမှုမှန် ဖော်ထုတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့သူ ဦးဘမြင့် ကို ကျောက်တံတားမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၈ လ အမိန့်ချမှတ်လိုက်ပါ တယ်။

ကျောက်တံတားမြို့နယ် ဒုတိယရဲမှူး ဦးဝင်းတင်က တရားလိုလုပ်ပြီး စွဲဆိုထားတဲ့ အမှုကို အမိန့်ချတာဖြစ်တယ်လို့ ဦးဘမြင့် က ပြောပါတယ်။

"ကျနော်တို့ ကျောက်တံတားတရားရုံးအနေနဲ့ပေါ့နော်၊ တရားလိုအနေနဲ့ကတော့ ဦးဝင်းတင် ဒုရဲမှူးပေါ့နော်၊ သူကနေ စွဲချက်တင်တာကို ဦးဝင်းဇော်ညွန့်ဆိုတဲ့ တရားသူ ကြီးကနေ အမိန့်ချတာပေါ့နော်၊ အမိန့်ချတော့ တစ်မှုကို ၄ လ နဲ့ နှစ်မှုကို ၈ လ ချလိုက်တာပါ"

ပြီးခဲ့တဲ့ ဇန်နဝါရီလက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ အမှုမှန် အမြန်ဆုံးဖော်ထုတ် ပေးဖို့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့ တာကြောင့် ဦးဘမြင့်ကို ထောင်ဒဏ် ၄ လ အမိန့် ချမှတ်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ဦးဘမြင့်ဟာ လက်ပံတောင်းတောင် သပိတ်စခန်းတွေကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းခဲ့တာကြောင့် သံဃာတော်တွေ မီးလောင်ဒဏ်ရာရရှိခဲ့တဲ့ ၂၆ လပြည့် ဆုတောင်းပွဲကို ဆူးလေစေတီတော်မှာ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ခဲ့ တာကြောင့် ထောင်ဒဏ် ၄ လအပါအဝင် စုစုပေါင်း ထောင်ဒဏ် ၈လ ကျခံဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဦးဘမြင့်ဟာ ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်း၊ အလုံ၊ ဒဂုံ၊ လမ်းမတော်စတဲ့ မြို့နယ် ၆ မြို့နယ်က ပုဒ်မ ၁၈ နဲ့ တရားစွဲထားတဲ့အမှု ၁၃မှုရှိနေပြီး လက်ရှိ ထောင်ဒဏ် ၂ နှစ်နဲ့ ၇ လ ကျခံနေရသူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။