လယ်သမားအရေးဆောင်ရွက်ပေးသူများ လယ်လုပ်ခွင့်ပြန်မရသေး

ILO ကမ္ဘာ့ အလုပ်သမားအဖွဲ့နဲ့ ဆက်သွယ်ပြီး လယ်သမားအရေးတွေ လိုက်လံ ဆောင်ရွက်ပေးနေတဲ့ အောင်လံမြို့နယ်က လယ်သမားတချို့ကို သက်ဆိုင်ရာ မြေစာရင်း အာဏာပိုင်က လယ်လုပ်ခွင့် ကန့်သတ် ပိတ်ပင်ထားတယ်လို့ စုံစမ်း သိရှိရပါတယ်။

2011.03.17
sugar_cane_305_z.jpg စစ်အစိုးရ၏ သကြားစက်အတွက် တောင်သူများကို အဓမ္မ ကြံစိုက်ခိုင်းပြီး မစိုက်သူများ၏ လယ်ယာမြေများကို ဘူဒိုဇာဖြင့် ထိုးကော် ဖျက်ဆီးသဖြင့် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO) ကို တိုင်ကြားခြင်း ဖြစ်သည်။ (Photo: AFP)
(Photo: AFP)
လယ်လုပ်ခွင့် ပိတ်ပင်ခံထားရတဲ့လယ်သမား ၁၀ ဦး ရှိပြီး သူတို့ဟာ လယ်သမားအရေး ဦးဆောင် ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ချမှတ်ခံခဲ့ရရာက မနှစ်က ပြန်လွတ်လာခဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီ လယ်သမား ၁၀ ဦးထဲမှာ ပါဝင်တဲ့ ဦးသန်းစိုးက RFA ကို အခုလို ပြောပါတယ်။

“အောင်လံ မြို့နယ် မြေစာရင်း ဦးဝင်းမြင့်ဦးက ဒါက တောင်သူလယ်သမားတွေကို ဒေသခံ အာဏာပိုင်တွေက လုပ်ကိုင်ခွင့် ပေးလိုက်တဲ့အတွက် ခင်ဗျားတို့ လွတ်လွတ်လပ်လပ် လုပ်စားကြပါတော့တဲ့။ မြေလွတ် မြေလပ် မြေရိုင်းအဖြစ် အသုံးပြုခွင့် လျှောက်ထားတဲ့ သကြားစက်က ရှုံးသွားတဲ့အတွက် သူတို့ တက်မယ်ဆိုရင်လည်း အယူခံ တက်နိုင်တာပေါ့ဗျာတဲ့။ ကျွန်တော့ဆီ လာမှာပေါ့တဲ့။ ဒီနေ့ထိတော့ သူ့ဆီ မလာသေးဘူးတဲ့။ လုပ်ကြပါတဲ့ လွတ်လွတ်လပ်လပ်တဲ့။”

“သို့သော်လည်းပဲ အခု ဖြစ်နေတဲ့ အခက်အခဲက အောင်လံမြို့နယ် မြေစာရင်း ဦးစီးဌာန ဦးစီးမှူးရဲ့ လက်ထောက်ပေါ့ဗျာ၊ ကိုတင်မောင်ဘိုပေါ့။ ဒီမြေတွေကို ဆက်လက် သိမ်းယူထားပြီးတော့ သူ့ ကိုယ်ကျိုးစီးပွားအတွက် မြေငှား ဆက်ချနေတဲ့အတွက် စီးပွားရေးသမားတွေနဲ့ ကျွန်တော်တို့ တောင်သူလယ်သမား ၁၀ ဦးနဲ့ပေါ့ ဆက်လက်ပြီးတော့ ပြဿနာတွေ ဖြစ်နေကြတယ်။”

မြေသိမ်းခံခဲ့ရတဲ့ တောင်သူလယ်သမားက စုစုပေါင်း ၄၃ ဦး ရှိခဲ့ပါတယ်။ အဲဒီလယ်သမားတွေ စိုက်ပျိုး လုပ်ကိုင်နေတဲ့ လယ်မြေတွေကို သကြားစက်နဲ့ မြေတိုင်းဌာန အာဏာပိုင်တွေက သိမ်းပိုက်ခဲ့တဲ့ကိစ္စ ILO ကို တိုင်တန်းတဲ့အတွက် တန်ပြန်အရေးယူခံရပြီး လယ်သမား ၁၂ ဦး ထောင်ချခံခဲ့ရတာပါ။

နောက်ပိုင်းမှာတော့ ILO ရဲ့ တောင်းဆိုမှုကြောင့် စစ်အစိုးရက သူတို့ကို အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးခဲ့ရသလို၊ လယ်မြေတွေ ပြန်လည် လုပ်ကိုင်ခွင့်လည်း ပေးခဲ့ရပါတယ်။

ဒါပေမဲ့ လယ်သိမ်းခံရသူ ၄၃ ယောက်ထဲမှာ ဦးသန်းစိုး အပါအဝင် ILO နဲ့ ဆက်သွယ် ဆောင်ရွက်ခဲ့သူ လယ်သမား ၁၀ ဦးကို လုပ်ကိုင်ခွင့် ဆက်မပေးပဲ ထားခဲ့တာပါ။

ဒီအကြောင်း အသေးစိတ်ကိုလည်း ဦးသန်းစိုးတို့က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ILO ရုံးကို ဆက်လက် တင်ပြထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။