နိုင်ငံသားမဟုတ်သူတွေ မဲပေးခွင့်ကိစ္စ ကန့်ကွက် ဆန္ဒပြဖို့ ကြေညာ
2015.02.06

၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပတဲ့အခါ ဝှိုက်ကဒ် (ခေါ်) ယာယီ သက်သေခံ လက်မှတ်ကိုင်ဆောင်သူတွေကို မဲပေးခွင့်ရှိတယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်တာကို ကန့်ကွက်ဆန္ဒပြသွားမယ်လို့ ယာယီသက်သေခံလက်မှတ် မဲပေးခွင့်ပယ် ဖျက်ရေး ကော်မတီက ပြောပါတယ်။
ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ယာယီသက်သေ ခံလက်မှတ် မဲပေးခွင့်ပယ်ဖျက်ရေးကော်မတီ ပြန် ကြားရေးအဖွဲ့ဝင် ကိုနောင်တော်လေးက ဆန္ဒပြဖို့ ပြင် ဆင်နေတဲ့အကြောင်း အခုလို ပြောပါတယ်။
"ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်သည် ကျနော်တို့ လုံးဝလက်ခံနိုင်စရာ အခြေမရှိပါ ၊ ပြည်ထောင်စုအရေးကိစ္စမှာ တိုင်းတစ်ပါးသားတွေရဲ့ မဲပေးခွင့်ယူရမယ်ပေါ့နော်၊ ဆန္ဒပြုခွင့်နဲ့ အဲ့ဒီလိုပြုမယ်ဆိုတဲ့ကိစ္စမျိုး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စမှာသော်လည်းကောင်း နောင်လာ မယ့် ဘယ်လိုရွေးကောက်ပွဲမှာမဆို ကျနော်တို့ လက်ခံနိုင်စရာအကြောင်းမရှိပါဘူး၊ အဲ့ဒီကိစ္စ အတွက် ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာလို့ရပါတယ်၊ ဆွေးနွေးညှိနှိုင်းပြီးတော့ ဒါကိုပယ်ဖျက်မပေးဘူး ဆိုရင် ကျနော်တို့ရဲ့လုပ်ငန်းစဉ်အတိုင်း ကျနော်တို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သူတို့ကို အတိုက်အခံ လုပ်နေတာ မဟုတ်ဘူး၊ ဆူပူအုံကြွအောင် လုပ်နေတာမဟုတ်ဘူး၊ ကျနော်တို့ နိုင်ငံသားအခွင့်အရေး နဲ့ နိုင်ငံသားမဟုတ်သူတွေက အခွင့်အရေးတန်းတူဖြစ်နေမယ်ဆိုရင် ဒါကျနော်တို့ရဲ့ အခွင့်အရေးဆုံးရှုံး တာပဲ"
အဲ့ဒီကော်မတီမှာ သံဃာတော် ၁၆ ပါးနဲ့ လူပုဂ္ဂိုလ် ၂၆ ယောက်တို့နဲ့ ဖွဲ့စည်းထားပြီး လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ဆန္ဒပြဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
မနေ့က သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဦးစိုးဝင်း၊ သမ္မတရုံး ဒုဝန်ကြီး ဦးကျော်ကျော်ဝင်း၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းတို့က ကော်မတီဝင်တွေနဲ့ လာရောက်တွေ့ဆုံ ခဲ့ပြီး ဆန္ဒမပြကြဖို့ ညှိနှိုင်းခဲ့ပါတယ်။
ဝှိုက်ကဒ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုဖို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။