စော်ကားပြီး အက်စစ်နဲ့ပက်ခံရတဲ့ ကလေးအမှု ဖော်ထုတ်ဖို့ မိသားစုဝင်တွေတောင်းဆို

ဇာဏီထွဏ်း
2020.04.09

ရန်ကုန်မြို့က အသက် ၁၅ နှစ် မပြည့်သေးတဲ့ အိမ်အကူမိန်းကလေးကို လိင်ပိုင်းဆိုင်ရာ ကျုးလွန်ပြီး မိန်းမ ကိုယ်ကို အက်စစ်နဲ့ပက်တယ်လို့ စွပ်စွဲခံထားရတဲ့ သရုပ်ဆောင်လင်မယားနှစ်ယောက်လုံး ထွက်ပြေးလွတ်မြောက် နေပါတယ်။ ကလေးငယ်ကတော့ ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။  

ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အိမ်မှာ အိမ်အကူအဖြစ် ငါးနှစ်နီးပါး အလုပ်လုပ်ခဲ့တဲ့ကလေးငယ်ဟာ လိင်ပိုင်း ဆိုင်ရာကျုးလွန်ခံရပြီး မိန်းမကိုယ်ကို အက်စစ်နဲ့အပက်ခံရတာကြောင့် မြောက်ဥက္ကလာပဆေးရုံမှာ ဆေးကုသ နေရတယ်လို့ မိသားစုဝင်တွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။

ကျုးလွန်သူတွေကို အမြန်ဆုံးဖမ်းမိစေချင်တယ်လို့လည်း ဦးလေးတော်စပ်သူ ဦးအောင်အောင်က ပြောပါတယ်။

"ကလေးမလေးက အနာမှာပိုးဝင်ထားတယ်။ သွေးလည်းလွှတ်ရတယ်။ တောက်လျှောက်။ နှစ်ပုလင်းသွင်း ထားတယ်။ သိတဲ့အချိန်မှာ ကလေးမလေး ဆေးရုံတက်ပြီး အမှုဖွင့်တဲ့အချိန်မှာ သွားဖမ်းတော့ မရှိတော့ဘူး။ ဘယ်အချိန်ကတည်းက ပြေးတာလည်းတော့ မသိဘူးပေါ့။ ကျနော်ကတော့ ဦးလေးတစ်ယောက်အနေနဲ့ အမြန်ဆုံးဖမ်းမိစေချင်တယ်။ နောက်တစ်ခုက တရားကိုလည်း မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်။"


ကလေးငယ်ရဲ့ဒဏ်ရာမှာ ပိုးဝင်နေတာကြောင့် အပြင်လူတွေကို တွေ့ခွင့်မပေးထားဘူးလို့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ကူညီပေးနေတဲ့ Forward Women Empowerment အဖွဲ့က ဒေါ်စောခင်သူဇာက ပြောပါတယ်။

"ဆေးရုံအုပ်ကြီး ညွန်ကြားချက်ကတော့ ဆရာဝန်တွေကလည်း ပြောတယ်။ အနီးကပ်ကြည့်လို့မရဘူးရှင့်။  ကျမ အဆောင်ထဲထိတော့ ရောက်တယ်။ လှမ်းတော့မြင်ရတယ်။ ကလေးမလေးက ပက်လက်နဲ့ပေါ့နော်။ ဆရာဝန် တွေရဲ့ အရေးပေါ်ကုသမှုကို ခံနေရပါတယ်။ ကလေးရဲ့အမေ ပြောစကားပေါ့နော်။ လွန်ခဲ့တဲ့ ၁၅ ရက်လောက်က တည်းက ကလေးက ဒဏ်ရာရနေတယ်ပေါ့နော်။ ဒဏ်ရာရနေတာကို သူတို့ကြိတ်ကုနေပြီး အထဲမှာပိုးဝင်နေတယ် လို့ ပြောပါတယ်။"

အင်တာနက်လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ကျုးလွန်သူတွေရဲ့ အသံဖိုင်ထဲမှာ ကလေးဟာ အသက် ၂၀ ကျော်ပြီလို့ ပြောထားပေမဲ့ ကလေးနေခဲ့တဲ့ ကျောင်းထောက်ခံချက်အရ အသက် ၁၄ နှစ်နဲ့ ၁၀ လသာ ရှိနေသေးတဲ့အကြောင်း၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဒီကလေးကို  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့တဲ့အကြောင်း၊ ကလေးကို အက်စစ်နဲ့ပက်မယ်လို့ သရုပ်ဆောင်ရဲ့ဇနီးသည် အသံဖိုင်မှာ ခြိမ်းခြောက်ခဲ့ပေမဲ့ တကယ်လုပ်မယ်လို့ မထင် ခဲ့ကြောင်း၊  တူနဲ့ နှစ်ချက် အထုခံထားရတဲ့အကြောင်း ကလေးငယ်ရဲ့ ဦးလေးတော်စပ်သူတွေက ပြောပါတယ်။

အခုဖြစ်ရပ်မှာ အိမ်ဖော်ကလေးငယ်ဟာ လိင်ပိုင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေကို ရင်ဆိုင်ခဲ့ရတာလို့ ရန်ကုန်မြို့က ဥပဒေရေးရာ ကုစားရေးအဖွဲ့က ဒေါ်လှလှရီက ပြောပါတယ်။

"ကောင်မလေးက အသက်မပြည့်သေးဘဲ လိင်ပိုင်းဆိုင်ရာ မုဒိန်းကျင့်ခံရတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ရိုက်နှက်ခံရတယ်။ အက်စစ်နဲ့အလောင်းခံရတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်တာတွေ့ရတယ်။ ကျမတို့ မမြင် နိုင်တာက အဲကလေးမလေးကို ဘယ်လောက်အထိ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုပ်ထားသလဲဆိုတာ မမြင်နိုင်တဲ့အနေထားပေါ့နော်။"

ရာဇသတ်ကြီး ဥပဒေအရ  အသက် ၁၆ နှစ် မပြည့်သေးတဲ့ အမျိုးသမီးက အလိုတူတူ၊ မတူတူ လိင်ပိုင်းဆိုင်ရာ ကျုးလွန်တယ်လို့ သတ်မှတ်ထားပါတယ်။ ၁၆ နှစ်အောက် အမျိုးသမီးကို ကျုးလွန်ရင် ထောင်ဒဏ် ၁၀ နှစ်ကနေ နှစ် ၂၀ အထိ ချမှတ်နိုင်ပြီး အသက် ၁၂ နှစ်မပြည့်ခင် လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခံရတယ်လို့ စစ်ဆေးတွေ့ရှိရရင် ကျုးလွန်သူကို တသက်တကျွန်းအထိ ချမှတ်နိုင်တယ်လို့ ဒေါ်လှလှရီက ပြောပါတယ်။

အဲဒီလို အကြမ်းဖက်မှုတွေ ခံစားရတဲ့အမျိုးသမီးတွေကို ရပ်ရွာပတ်ဝန်းကျင်က ဝိုင်းဝန်းစောင့်ရှောက်ကြဖို့ လိုအပ်တယ်လို့ ရန်ကုန်မြို့က အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ ဒေါ်ခင်လေးက ပြောပါတယ်။

"ဗိုင်းရပ်စ်ရောဂါပိုးကို ကြောက်နေရတဲ့အချိန်မှာ အိမ်တွင်းအကြမ်းဖက်တာတွေရှိနေတယ်ဆိုတာလည်း သတိထားဖို့လိုတယ်။ ကျမတို့အနေနဲ့လည်း နစ်နာသူဘက်က ဝိုင်းဝန်းကူညီပေးဖို့၊ မတရားလုပ်တဲ့သူကို အမှုကို အမှန်တိုင်း ဆောင်ရွက်နိုင်အောင် တွန်းအားပေးဖို့လိုတယ်။ နစ်နာသူဘက်က ဝိုင်းဝန်းပေးဖို့လိုတယ်လို့လည်း မေတ္တာရပ်ခံချင်ပါတယ်။"

အင်တာနက်မှာ ပျံ့နေတဲ့အသံဖိုင်အရ သရုပ်ဆောင်အမျိုးသားက ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ကျုးလွန် နေချိန်မှာ ဇနီးသည်က တွေ့ရှိခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ ထိခိုက် နာကျင်အောင် နှိပ်စက်ခံရတယ်လို့ ကလေးဆီက သိရကြောင်း ဦးလေးတော်စပ်သူတွေက ပြောကြပါတယ်။

အဲလိုကျုးလွန်ခဲ့တယ်လို့ ဆိုတဲ့ သရုပ်ဆောင်လင်မယား၊ တူနဲ့ထုခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ သရုပ်ဆောင်ရဲ့ ယောက္ခမတို့ကို ရွှေပေါက်ကံရဲစခန်းမှာ ညှဉ်းပန်းနှိပ်စက်မှု၊  တာမွေရဲစခန်းမှာတော့ မုဒိန်းမှုတို့နဲ့ အမှုဖွင့် ထားတာပါ။

စွပ်စွဲခံရသူတွေကို ဖမ်းဆီးနေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး အဲဒီရဲစခန်းနှစ်ခုကို  RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။