အလုပ်သမားများ တောင်းဆိုမှု ဦးထုပ်စက်ရုံအုပ်ချုပ်ရေးက အလျှော့ပေး
2011.06.10
အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို စက်ရုံအာဏာပိုင်တွေ အပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ အလုပ်သမား ဦးစီးတို့ကပါ ပါဝင် ဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အလုပ်သမားတွေရဲ့ အလုပ်ခွင် ပဋိပက္ခကို လိုက်လံ ဆောင်ရွက်ပေးခဲ့တဲ့ ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းက RFA ကို အခုလို ပြောပါတယ်။
“စက်ရုံကို ပြန်သွားတဲ့အခါကျတော့ အဲဒီမှာ မြို့နယ်အုပ်ချုပ်ရေးတွေ ပါလာပြီ။ နောက် အလုပ်သမား ဦးစီးကပါတယ်။ ကလေး ၅၅ ယောက်ကိုလည်း စက်ရုံထဲ ပြန်ခေါ်ထည့်ပြီးတော့ သူတို့ ဆွေးနွေးကြတယ်၊ ညှိနှိုင်းကြတယ်။ အလုပ်သမား ဦးစီးကလည်း စက်ရုံဖက် လိုက်ပြီး ပြောတယ်၊ မန်နေဂျာဖက် မျက်နှာလိုက်ပြီး ပြောတယ် ဆိုတဲ့ဟာမျိုး ကြားရတော့ သိပ်တော့ ကျွန်တော်တို့လည်း ဟိုဟာ မဖြစ်ဖူးပေါ့။ အဲဒီတော့ Cap One က ရုံးချုပ်က လူကြီး နှစ်ယောက် ရောက်လာတယ်။ နေပြည်တော်က ဒု ညွှန်တို့ ဘာတို့လည်း ရောက်လာတယ် ပြောတယ်။ အလုပ်သမား ဦးစီးဌာနက အဲဒီလို လာရောက် ဖြေရှင်းတဲ့အခါကျတော့မှ ဒီမှာ ပြေလည်မှု ရသွားပြီးတော့ အဲဒါတောင်မှ ညနေ ၆ နာရီမှ အဖြေကထွက်တယ်။”
အဲဒီအလုပ်သမားတွေက လုပ်ခလစာ တိုးပေးရေး၊ အချိန်ပိုကြေးကို စနစ်တကျ တွက်ချက်ပေးရေး နဲ့ ထမင်းစားချိန်ကို အချိန်ပြည့်ပေးရေးအပြင် အလုပ်ခွင်အတွင်း သောက်ရေသန့်နဲ့ အိမ်သာ သန့်ရှင်းမှု ရှိရေးတွေကို တောင်းဆိုခဲ့တာပါ။ ဒါ့အပြင် အလုပ်သမားတွေနဲ့ ထိပ်တိုက် ပြဿနာ ဖြစ်ခဲ့တဲ့ အလုပ်သမားခေါင်း ၂ ဦးကိုလည်း အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီတောင်းဆိုချက်တွေထဲက အလုပ်သမားခေါင်း ၂ ဦးကို ရန်ကုန်မြို့ကို ပြောင်းရွှေ့ပေးလိုက်တာ အပါအဝင် တခြားတောင်းဆိုချက်တွေကို အလုပ်သမားတွေနဲ့ ညှိနှိုင်းပြီး သဘောတူညီချက် ရယူခဲ့တယ်လို့ Cap-One ဦးထုပ်စက်ရုံက မန်နေဂျာတဦးက သူတို့ဖက်က ဆောင်ရွက်ချက်ကို အခုလို ရှင်းပြပါတယ်။
“ဟုတ်ကဲ့၊ အားလုံး အေးအေးဆေးဆေး ပုံမှန်အတိုင်း အလုပ်ပြန်ဆင်းနေပါတယ်။ ကျွန်တော်တို့ ရန်ကုန် ရုံးခွဲကိုပေါ့နော်၊ သူတို့နဲ့ လုံးဝ မမြင်ရတဲ့ နေရာတခုကို ကျွန်တော်တို့ ပို့ဖို့ ကြိုးစားနေပါတယ်။ ကြိုးစားနေတယ်ဆိုတာ ပို့ပြီးသွားပါပြီ ပို့တာတော့။ သူတို့အနေနဲ့ အဲဒီအထိ အဲဒီမှာ အလုပ်သွား မဆင်းသေးပါဘူး။ ကျွန်တော်တို့ စက်ရုံမှာလည်း အလုပ်မဆင်းသေးပါဘူးခင်ဗျ။ အားလုံးနီးပါးပါပဲ လိုက်လျောသင့်တဲ့ဟာတွေ မှန်သမျှ လိုက်လျော ပေးခဲ့ပါတယ်။”
“အဲဒီအထဲမှာပါတဲ့ အိမ်သာ အနံ့ဆိုး ဆိုတာက တခါတလေ လေတိုက်တဲ့ အခါကျရင် မိုးတွေ ဘာတွေ ရွာတဲ့အခါကျရင် ရေလျှံတာတို့ ဘာတို့ ရှိတဲ့အခါကျရင် အနံ့ထွက်တာပေါ့နော်။ အဲဒါတွေလည်း ကျွန်တော်တို့ လုပ်နေဆဲပါ။”
“အခုဟာက လစာတိုးတောင်းတာမျိုးကတော့ သူတို့က နောက်ဆုံးက ဒါကို တိုးတောင်းစရာလည်း မလိုတဲ့အတွက် သူတို့ကလည်း နားလည်ပေးပါတယ်။ သူတို့ကလည်း တိုးမတောင်းတော့ပါဘူး။ နောက်ပြီးတော့ ရေသန့် ဆိုတဲ့ ကိစ္စတွေကလည်း ကျွန်တော်တို့က ရေသန့်တွေက အကုန်လုံး လုပ်ပေးထားတာပါ။ နဂိုကတည်းက အဆင်သင့် ဖြည့်ပေးထားပါတယ်။ ဆန်းဒေးကို သူတို့အနေနဲ့က ကလေးတွေအနေနဲ့ ဘယ်လို တွက်သလဲဆိုတော့ ဆန်းဒေးကို မပေးဘူး၊ မရဘူးလို့ သူတို့ တွက်ထားပါတယ်။ ဒါပေမဲ့ အားလုံးကို သေသေချာချာ ပြန်ရှင်းပြတဲ့အခါကျ၊ တွက်ပုံတွက်နည်းတွေကို ပြန်ပြောပြတဲ့အခါကျ သူတို့က နားလည်သွားပါတယ်။”
Cap-One ဦးထုပ်စက်ရုံပိုင်ရှင်ဟာ တောင်ကိုရီးယား နိုင်ငံသား ဖြစ်ပါတယ်။ စက်ရုံအုပ်ချုပ်ရေးမှူးက နောက်နောင် စက်ရုံတွင်း ပြဿနာတွေ ရှိလာတဲ့အခါ ပြင်ပ အဖွဲ့အစည်းတွေကို တိုင်ကြားမှု ဆွေးနွေးမှု မလုပ်ဖို့ အလုပ်သမားတွေကို ဖိအားပေးနေတယ်လို့လည်း အကူအညီ ပေးခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဦးအောင်မျိုးဝင်းက ပြောကြားသွားပါတယ်။