လမ်းသွားလမ်းလာတွေကို လက်နက်ကိုင် စစ်ဆေးတာမလုပ်ဖို့ ANP တောင်းဆို

2021.08.11
လမ်းသွားလမ်းလာတွေကို လက်နက်ကိုင် စစ်ဆေးတာမလုပ်ဖို့ ANP တောင်းဆို ရခိုင်ပြည်နယ် စစ်တွေမြို့က ရဲတပ်ဖွဲ့ဝင်တွေတချို့ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်အတွင်းမှာ ဧည့်စာရင်းတိုင်ကြားရတာနဲ့ ကား၊ ဆိုင်ကယ်တွေနဲ့ လမ်းသွားလမ်းလာတွေကို စစ်တပ်နဲ့ရဲတွေက လက်နက်အပြည့်အစုံနဲ့ စစ်ဆေးတာတွေ မလုပ်ဖို့ အပါအဝင် အချက်ငါးချက်ကို ရခိုင် အမျိုးသားပါတီ (ANP) က သြဂုတ်လ ၁၀ ရက် မနေ့ကရက်စွဲနဲ့ ပြည်နယ်စစ်ကောင်စီအဖွဲ့ဆီ တောင်းဆို လိုက်ပါတယ်။

တိုက်ပွဲတွေမရှိဘဲ အေးချမ်းနေတဲ့ကာလမှာ မလိုအားအပ်ဘဲ အခုလို လုပ်ဆောင်တာဟာ ပြည်သူတွေကို အခက်အခဲဖြစ်စေတဲ့အတွက် အခုလို တောင်းဆိုရတာဖြစ်တယ်လို့ ANP ပါတီရဲ့ မူဝါဒရေးရာ ကော်မတီဝင် ဦးထွန်းအောင်ကျော် RFA ကို ပြောပါတယ်။

တောင်းဆိုချက်ထဲမှာ ကိုဗစ်ကပ်ဘေးကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေကြတဲ့ ပြည်သူတွေကို အပြည့်အ၀ ကူညီထောင်ပံ့ဆောင်ရွက်ပေးဖို့၊ ကာကွယ်ရေးပစ္စည်းတွေ၊ ဆေးဝါးတွေမပြတ်အောင် ဆောင်ရွက်ပေးဖို့၊ နိုင်ငံကတာက အကူအညီအထောက်အပံ့တွေကို ပိတ်ပင်တားဆီမှုမရှိဘဲ လွတ်လပ်စွာ ကူညီခွင့်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

စစ်တွေမြို့ အပါအဝင် မြို့နယ်တော်တော်များများမှာ ဒီနေ့အထိ စစ်တပ်နဲ့ရဲတွေက လက်နက်အပြည့်အစုံနဲ့ လမ်းသွား၊ လမ်းလာတွေကို စစ်ဆေးတာတွေ့ရသလို ပြည်သူတွေဟာ ကိုဗစ်ကပ်ဘေးကြောင့် အတော်လေး ကို အခက်အခဲဖြစ်နေကြတယ်လို့လည်း ဦးထွန်းအောင်ကျော်က ဆိုပါတယ်။

(ANP) ပါတီရဲ့ တောင်းဆိုချက်တွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ဧည့်စာရင်းတိုင်ကြားခိုင်းတာ၊ ဧည့်စာရင်း စစ်ဆေးတာတွေကို ရဲ၊ လဝက၊ စစ်တပ်၊ ဌာနဆိုင်ရာတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

အဲဒီနောက် စစ်တွေမြို့ပေါ်မှာလည်း ဧည့်စာရင်းတိုင်ကြားဖို့ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက သံချဲ့စက်နဲ့ လိုက်လံကြေညာနေသလို လမ်းသွား၊ လမ်းလာတွေကိုလည်း ရဲတွေက သေနတ်အပြည့်အစုံနဲ့ စစ်ဆေးတာတွေရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှုတွေနဲ့ သေဆုံးမှုတွေဟာ တစ်နေ့တခြား တိုးလာနေပြီး ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ဒီနေ့ သြဂုတ် ၁၁ ရက် မနက်ပိုင်းက ထုတ်ပြန်တဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၉ ဦးနဲ့ ပိုးတွေ့ လူနာ ၃၃၄၃ ဦးရှိသွားပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။