ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ လုပ်ငန်းရှင်တစ်ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦကျော်မိုးဦးနဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးတို့ အောက်တိုဘာလ ၁၇ ရက် မနေ့ နေ့လယ်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ် ခံခဲ့ရတယ်လို့ ဝမ်းတွင်းမြို့ဒေသခံတွေက RFA ကို ပြောပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး၊ အထွေထွေအုပ်ချုပ်ရုံးဝန်ထမ်း ကိုငြိမ်းချမ်းအောင်နဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးတို့ဟာ ဝမ်းတွင်းမြို့၊ ရွှေနှင်းရည်ထမင်းဆိုင်မှာ ထမင်း စားနေချိန်မှာပဲ ပစ်ခတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝမ်းတွင်းမြို့ခံတစ်ဦး က RFA ကို ပြောပါတယ်။
"ဝမ်းတွင်းမြို့ထဲဝင်ဝင်ချင်း ဂိတ်နဲ့ Denko ဆီဆိုင်ကြားက ထမင်းဆိုင်မှာဖြစ်သွားတာ။ အုပ်ချုပ်ရေးမှူးနဲ့ လုပ်ငန်းရှင်ကတော့ ပွဲချင်းပြီးသေတယ်။ ထွေအုပ်ရုံး ဝန်ထမ်း တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ မိတ္ထီလာဆေးရုံကို ပို့ထားတယ်"
ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေက ဝမ်းတွင်းမြို့နေရာအနှံ့မှာ စစ်ဆေး ရှာဖွေခဲ့သလို မြို့တွင်း၊ မြို့ပြင်ဂိတ်တွေကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီပစ်ခတ်မှုကို ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုတပ်ဖွဲ့ (WTRF) က လုပ်ဆောင် ခဲ့တာလို့ အောက်တိုဘာ ၁၇ ရက်မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။
ဒီကိစ္စဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က ဝမ်းတွင်းမြို့နယ်၊ ယာယီစခန်းမှူး ရဲအုပ်စောနိုင်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက်ပိုင်း မြို့နယ်ရဲ့အကြီးဆုံး အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရတာပါ။
စစ်ကောင်စီဘက်ကတော့ ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရတာကို အတည်ပြုထားပေမယ့် သေဆုံးတယ်ဆိုတာတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။
ဝမ်းတွင်းမြို့မှာ အောက်တိုဘာ ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ကျင်းရွာအနီးအနား တောတွေထဲ စစ်ကောင်စီတပ်ဖွဲ့တွေက တောနင်းရှာဖွေနေတယ်လို့လည်း ဝမ်းတွင်း မြို့ခံတွေက ပြောပါတယ်။