ရခိုင်ပြည်နယ် မောင်တောမှာ ထွေအုပ်ဝန်ထမ်းတစ်ဦး အသတ်ခံရ

ရခိုင်ပြည်နယ် မောင်တောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦး ဒီဇင်ဘာ ၂၂ ရက် မနေ့ညမှာ အသတ်ခံလိုက်ရပါတယ်။
အသတ်ခံရသူဟာ အသက် (၂၆) နှစ်အရွယ် ကိုဆန်းဌေးနိုင်ဖြစ် ည ၁၂ နာရီဝန်းကျင်လောက် မောင်တော မြို့မ အနောက်ရပ်ကွက် စက်လှေဆိပ်အနားမှာ အသတ်ခံရတာဖြစ်နိုင်တယ်လို့ မောင်တောမြို့ ကရုဏာ ကွန်ယက် ဖောင်ဒေးရှင်း ပရဟိတအသင်း ဥက္ကဋ္ဌ ကိုချစ်ထူးနိုင်က RFA ကို ပြောပါတယ်။
“ဒီနေ့ မနက် ၇ နာရီလောက်မှာ ကျနော်တို့ဆီကို အကြောင်းကြားလာတယ်၊ အမည်မသိလူတစ်ယောက် လမ်းမှာသေနေတယ်ပြောတယ်၊ ကျနော်တို့အဖွဲ့သွားလိုက်တော့ လည်ပင်းအလှီးခံရတဲ့ ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရတယ်၊ ကျနော်တို့လည်း ရဲစခန်းကို အကြောင်းကြားပြီး အလောင်းကိုဆေးရုံကို ပို့လိုက်ရတယ်” လို့ ကိုချစ်ထူးနိုင်က ဆိုပါတယ်။
လက်ရှိ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး သတ်တဲ့သူ ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူးလို့ ကိုချစ်ထူးနိုင်က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အခြေအနေတိတိကျကျကိုသိရဖို့ စစ်ကောင်စီရဲ့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေမရှိပေမယ့် မြို့နယ်အချို့မှာ လူမျိုးရေး ပဋိပက္ခကို ဦးတည်စေနိုင်တဲ့ကိစ္စတွေ ဆက်တိုက်တွေ့လာရတာဟာ အဖွဲ့အစည်းတစ်ခုခုကနေ မကောင်း တဲ့ရည်ရွယ်ချက်နဲ့ နောက်ကွယ်က ကြိုးကိုင်ပြုလုပ်နေတယ်လို့ သံသယဖြစ်မိကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ရခိုင်ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ လူမျိုးရေးဆိုင်ရာ ပဋိပက္ခတွေဆီ ဦးတည်သွားမှာကို စိုးရိမ်ဖွယ်ရာ ဖြစ်နေတာကြောင့် ဆင်ခြင်သတိထားကြဖို့လည်း AA က ပြောထားပါတယ်။