စစ်သင်တန်းအတွက် ကူညီနေတဲ့ ကျွန်းစုမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

RFA Burmese
2024.05.08
စစ်သင်တန်းအတွက် ကူညီနေတဲ့ ကျွန်းစုမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် မဲတောရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကို တွေ့ရစဥ်။
ကျွန်းစုမြို့နယ််ပြည်သူ့ကာကွယ်ရေးအဖွဲ့

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် မဲတောရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကို စစ်ကောင်စီအတွက် တပ်သားစုဆောင်းနေတာကြောင့် မေလ ၇ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေလ ၈ ရက်နေ့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဦးကျော်မြင့်ကိုဖမ်းဆီးဖို့သွားချိန် ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တာဖြစ်ပြီး ပစ္စတိုတစ်လက်၊ ကျည် ၂၅ တောင့်၊ လက်ထိတ် တစ်ခု၊ ငွေသား သုံးသိန်း၊ ဖုန်း တစ်လုံးနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးကတ်ပြားတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၄၀ အရွယ် ဦးကျော်မြင့်ဟာ စစ်ကောင်စီအတွက် စစ်သားစုဆောင်းတာနဲ့ အတင်းအဓမ္မ ငွေကြေးတောင်းခံတာတွေ လုပ်ပေးနေသူဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ကျွန်းစုမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပြောရရင် သူက စစ်သင်တန်းတွေလည်း တက်ထားတော့ တော်တော်ကို ဆိုးတာပါ။ အမြဲတမ်း သူ့ခါးမှာ ချိတ်ထားတဲ့ပစ္စတိုကိုပြပြီး ခြိမ်းခြောက်တာ။ လူငယ်တွေဆိုလည်း စစ်ကောင်စီနဲ့ပေါင်းပြီး ဖမ်းခဲ့တာလည်း မနည်းဘူး။ အခုလည်း စစ်မှုထမ်းအတွက် လူငယ်တွေကို ရေဆုံးမြေဆုံးလိုက်ရှာပြီး အတင်းလူသစ်စုနေတာပါ။ သူ့အိမ်မှာပဲ ပစ်သတ်ခံရတာ၊ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတာလို့ သိထားပါတယ်”

ဦးကျော်မြင့်ပစ်သတ်ခံရပြီး နာရီပိုင်းအကြာမှာ စစ်ကောင်စီတပ်က အင်အား လေးဆယ်ကျော် ရောက်လာပြီး ဒေသခံတွေကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းတဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ မေလ ၈ ရက်နေ့အထိ နှစ်လကျော်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်လို့ဆိုပြီး နိုင်ငံတစ်ဝန်းက အုပ်ချုပ်ရေးအဖွဲ့ဝင် ၆၆ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။