မကွေး ပုလင်းပြားကြီးရွာ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ လုပ်ကြံခံရ
မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ပုလင်းပြားကြီးကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးး ဦးဗိုလ်ဝဲ ကို စက်တင်ဘာ ၁၁ ရက် မနေ့က နေ့လယ် ၁၂ နာရီလောက်က ဗိဿနိုးပြည်သူ့ ကာကွယ်ရေးတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။
“သူက အရင်ကတည်းက အစိမ်းထောက်ခံတဲ့သူ။ စစ်ကောင်စီလက်ထက်မှာ အုပ်ချုပ်ရေးမှူးခန့်တော့ သူပဲ အုပ်ချုပ်ရေးမှူးဖြစ်လာတယ်။ သူအုပ်ချုပ်ရေးမှူးဖြစ်ပြီးနောက်ပိုင်း ရွာက လူငယ်တွေ ငါးယောက် ထက်မနည်း အဖမ်းခံလိုက်ရတယ်“
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဗိုလ်ဝဲဟာ မြို့သစ်မြို့ပေါ်က စစ်ကောင်စီရုံး အစည်းအဝေးကနေ ကားနဲ့ အပြန် ရွာအဝင်နားမှာ သေနတ်နဲ့အပစ်ခံရတာပါ။ ပစ်ခတ်ခံရမှုကြောင့် ကားမှန်ကွဲကာ ပြတ်ရှဒဏ်ရာ လောက်ပဲရပြီး သေနတ်ကျည်တော့ မထိခဲ့ဘူးလို့ ဆိုပါတယ်။ ညနေပိုင်းမှာတော့ ပုလင်းပြားကြီးရွာကို စစ်ကား ၄ စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လထဲက ဒေသခံရွာသား ငါးဦးထက်မနည်းကိုလည်း စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးခဲ့ပါသေးတယ်။