ပေါင်းတည်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး နုတ်ထွက်မှု ၁၂ အထိရှိလာ

2021.10.24
ပေါင်းတည်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး နုတ်ထွက်မှု ၁၂ အထိရှိလာ ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: CJ

ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူး အဖြစ်ကနေ နုတ်ထွက်သူ ၁၂ ယောက်ထိရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ခုလိုအချိန်မျိုးမှာ မိမိလုံခြုံရေးအတွက် အာမခံချက်မရှိလို့ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြတာလို့ အမည် မဖော်လိုတဲ့ နုတ်ထွက်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ယောက်က ပြောပါတယ်။

“ကျနော်တို့က ရွာကောင်းဖို့အတွက်ပဲလုပ်တာ။ အခုက ဘယ်သူကမှလည်း လုံခြုံရေးမပေးနိုင်ဘူး။ လုံခြုံရေး အာမခံချက်လည်း မရှိဘူး အဲဒါကြောင့်နုတ်ထွက်ရတာ”

အောက်တိုဘာ ၂၄ ရက် ဒီနေ့မှာလည်း သစ်ပုတ်အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမြင့် ကိုင်းကွင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းတို့ဟာလည်း ကျန်းမာရေးအကြောင်းပြချက်နဲ့ တာဝန်ကနေ နုတ်ထွက်ခဲ့ကြပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ကနေ အောက်တိုဘာ ၂၃ ရက် မနေ့ကအထိ ပေါက်တော၊ နွားခြံကုန်း၊ ညောင်ပင်နီ၊ ပြန်ချီတက်၊ မကြီးစမ်း၊ ထန်းတပင်၊ မဲခေါင်း၊ ကြာနီကန်၊ ကန်ငယ်၊ ရွာပုလဲ စတဲ့ ရွာတွေက အုပ်ချုပ်ရေးမှူးတွေဟာ ရာထူးတာဝန်ကနေ နုတ်ထွက်ခဲ့ကြပါတယ်။

ပေါင်းတည်မြို့နယ်ထဲမှာ စစ်ကောင်စီ သတင်းပေးလို့ သတ်မှတ်ခံထားရသူတချို့နဲ့ စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူးတို့ကို လုပ်ကြံသတ်ဖြတ်တာ၊ အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦတချို့ကို မိုင်းထောင်ဖောက်ခွဲတဲ့ ဖြစ်စဉ်တွေနောက်ပိုင်းမှာ အခုလို နုတ်ထွက်တဲ့ အုပ်ချုပ်ရေးမှူး အရေအတွက်က ပိုများလာတယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။

ပေါင်းတည်မြို့နယ် ဇီးပင်လှကျေးရွာက အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းနိုင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လ ၁၈ ရက်နေ့ညက သေနတ်နဲ့ပစ်ပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေလည်းရှိပါတယ်။

ပေါင်းတည်မြို့နယ်ထဲမှာ မြို့ပေါ်ရပ်ကွက် ၁၂ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၄၄ ခု ရှိပါတယ်။

စစ်တပ်က အာဏာသိမ်းထားတဲ့ ရှစ်လကျော်ကာလအတွင်း တစ်ပြည်လုံးအတိုင်းအတာအနေနဲ့ တာဝန်ကနေ နုတ်ထွက်သွားတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံနဲ့ ရာအိမ်မှူး အရေအတွက်ဟာ အောက်တိုဘာ လ ၁၁ ရက်နေ့အထိ ၃၆၆ ဦး အထိရှိလာနေတယ်လို့ ရန်ကုန်အခြေစိုက် သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data For Myanmar အဖွဲ့က အောက်တိုဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။