ရွေးကောက်ပွဲအကြိုကာလမှာ သတင်းမှားတွေ ထွက်ပေါ်လာ
2020.10.07
နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲနီးလာတဲ့အချိန် ပြည်ပရောက် မဲဆန္ဒရှင်တွေရဲ့ ကြိုတင်မဲ ပေးမှုနဲ့ ပတ်သက်တဲ့ မဲအရေအတွက်ရလဒ် သတင်းမှားတွေကို လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ တွေ့လာ ရပါတယ်။
ကြိုတင်မဲတွေကို ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ရောက်မှာ မဲရုံတွေမှာပဲ ရေတွက်ရမယ်ဆိုတဲ့ အချက်ကို သတိပြုမိကြဖို့နဲ့ သတင်းတု၊ သတင်းမှားတွေကို လွယ်လွယ်နဲ့ ယုံကြည်၊ ဖြန့်ဝေတာ မလုပ်မိကြဖို့ လေ့လာသူတွေက တိုက်တွန်းနေကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး မြန်မာသံရုံးတွေမှာ ကြိုတင်မဲပေးနေကြပြီး တပြိုင်တည်းမှာပဲ ပြည်ပရောက် မြန်မာတို့ရဲ့ မဲရလဒ်ဆိုတဲ့ သတင်းအမှားတွေ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တင်ကြသူတွေနဲ့ ပြန်လည်မျှဝေသူတွေ ရှိနေပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့က တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာတွေ မဲစပေးပြီး နောက်တစ်နေ့မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကြိုတင်မဲ ၆,၈၀၀၀ အနိုင်ရရှိတယ်ဆိုတဲ့ သတင်းအမှားကို အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာမှာ ပြန်လည်ဖြန့်ဝေသူ အများအပြား ရှိပါတယ်။ ပြန်လည်ဖြန့်ဝေသူတွေထဲမှာ NLD ပါတီဝန်းရံသူတချို့လည်း ပါဝင်နေပါတယ်။
NLD ရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ ဘယ်သူမဆို ဒီလိုသတင်းမှားတွေ မဖြန့်ဝေသင့်ဘူးလို့ RFA ကို ပြောပါတယ်။
“အဲဒီဟာကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပါခင်ဗျာ၊ ပထမဆုံး ဂျပန်ပေါ့ဗျာ၊ ဂျပန်မှာ ဘယ်လောက်ဆိုပြီး တော့ တက်လာတယ်တယ်ဗျာ၊ တက်လာကတည်းကိုက မဖြစ်နိုင်ဘူးဆိုတာ သိပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ ကြိုတင်မဲဆိုတာက ရွေးကောက်ပွဲနေ့မှာပဲ ဒီဟာတွေက မဲကိုရေတွက်တဲ့အခါ ကြိုတင်မဲဆိုတာ အဲနေ့ကျမှ ရေတွက်ရတာပါ၊ မသိပဲနဲ့ဖြန့်တယ်ဆိုတာ ကျွန်တော်သိပ်ပြီး ဘဝင်မကျဘူး သိပါတယ်၊ ဒါပေမဲ့ တမင်ပေါ့ဗျာ တစ်ဖက်ပါတီ ထောက်ခံတဲ့သူတွေ တစ်ဖက်ပါတီကို လှောင်တာ၊ သရော်တာ သို့မဟုတ် မခံချင်စိတ်ဖြစ်အောင် လုပ်တာလို့ပဲ ကျွန်တော်တော့ ယူဆပါတယ်၊ လုံးဝမလုပ်သင့်ပါဘူး ဒီကိစ္စက၊ ဒီလိုတစ်ယောက်နဲ့ တစ်ယောက် မခံချင်စိတ်လျှောက်ဖြစ်ပြီးတော့ ဘာမှဟုတ်တာ မဟုတ်ပဲနဲ့ ဒီဟာ မီးပွားအောင်လုပ်တဲ့ သဘောမျိုးဖြစ်နေတယ်၊ ဘယ်ဘက်ကမှ ဒီဟာ မလုပ်သင့်ဘူးလို့ပဲ ကျွန်တော်ယူဆ ပါတယ်”
သက်ဆိုင်ရာသံရုံးတွေ စနစ်တကျဆောင်ရွက်မှာဖြစ်တဲ့အတွက် သတင်းပေါက်ကြားတာမျိုးလည်း မဖြစ်နိုင်တာကြောင့် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မယုံကြည်ကြဖို့ မုံရွာအောင်ရှင်က တိုက်တွန်းပါတယ်။
တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အောက်တိုဘာလ ၂ ရက်နေ့ထုတ်ပြန်ချက်အရ ကိုရီးယားမှာ ဆန္ဒမဲပေးခွင့်ရှိသူ အားလုံးပေါင်း ကိုးထောင်ကျော်(၉၈၁၀)သာ ရှိတဲ့အတွက် ခြောက်သောင်းကျော် မဲရတယ်ဆိုတာလည်း မဖြစ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။
ပြည်ပနိုင်ငံအသီးသီးမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ မဲပေးခွင့်လျှောက်ထားတာ တစ်သိန်းနဲ့ တစ်သောင်းနီးပါးရှိရာမှာ အောက်တိုဘာလ ၁ ရက်နေ့ကတည်းကစပြီး သက်ဆိုင်ရာနိုင်ငံတွေရဲ့ သံရုံးတွေမှာ စတင်မဲပေးနေကြပါပြီ။
ကိုးရီးယားနဲ့ ဂျပန်တို့နည်းတူ အခြားသောနိုင်ငံတွေရဲ့ ကြိုတင်မဲတွေမှာလည်း မဲရလဒ်အရေအတွက် ဘယ်လောက်နဲ့ အနိုင်ရရှိသွားတယ်ဆိုတဲ့ သတင်းမှားတွေ မြင်တွေ့နေရပါတယ်။
ဒါပေမဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကိုယ်တိုင်မဲသွားပေးခဲ့တဲ့ မမွန်ရည်မင်းလွင်ကတော့ သံရုံးမှာ စနစ်တကျနဲ့ လျှို့ဝှက်မဲပေးခဲ့တာဖြစ်ပြီး မဲရလဒ်နဲ့ ပတ်သက်ပြီး ထင်တဲ့သူတွေ လျှောက်ပြောနေတာသာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ရောက်တာနဲ့ဝင်ပြီးတော့ မဲပေးတဲ့နေရာကိုသွားပြီးတော့ စာအိတ်ယူပြီးတော့ သူတို့မဲပေးတဲ့ခုံတွေကို အကာတွေနဲ့လုပ်ထားတယ်လေ အဲ့မှာသွားပြီးတော့ မဲပေးရတယ်၊ အဲမှာသွားပြီးခြစ်ရတယ်၊ ခြစ်ပြီး စာအိတ်ပိတ်ပေါ့နော် ပြီးတော့ မဲပုံးထဲထည့်ပြီး ပြန်ရုံပဲ၊ အဆင်ပြေတယ် save(လုံခြုံ)ဖြစ်တယ်လို့ထင်တယ်၊ အဲ့ဒီသတင်းတွေကလည်း ဒီအတိုင်း အပြင်မှာထင်တဲ့သူတွေ လျှောက်ပြောနေတာပဲ ၊ အဲ့တာကတော့ မဖြစ်သင့်ဘူးလို့ထင်တာပဲ”
အလားတူပဲ အောက်တိုဘာလ ၁၀ ရက်နေ့မှစပြီး ကြိုတင်မဲပေးရမယ့် အမေရိကနိုင်ငံနဲ့ သြစတြေးလျ နိုင်ငံတွေမှာလည်း ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိသွားတယ်ဆိုတဲ့ သတင်းမှားတွေကို အခုလို တွေ့ရပါတယ်။
မှန်ကန်တဲ့ရွေးကောက်ပွဲ လမ်းကြောင်းကို မပြောင်းလဲစေဖို့အတွက် မည်သူမဆို သတင်းအမှန်ပဲ ဖြန့်ဝေစေချင်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။
“မည်သူ့ကိုမဆို ဆိုလိုခြင်းဖြစ်ပါတယ် ဘယ်သူမဆိုပေါ့နော် သတင်းမှားထုတ်လွှင့်မှုဟာ ဒီမှန်ကန်တဲ့ ရွေးကောက်ပွဲကြီးကို လမ်းကြောင်းလွဲသွားနိုင်စေတဲ့အတွက် ပြည်သူတွေအနေနဲ့ သတင်းအမှန်ကိုသာ ထုတ်လွင့်ဖို့အတွက်ပဲ ကျွန်တော်တို့ တိုက်တွန်းပြောကြားလိုပါတယ်ဗျ၊ အခုရွေးကောက်ပွဲ ပြည်တွင်မှာ လုပ်ဖို့ဟာက (၁၁) လပိုင်း (၈) ရက်နေ့ဆိုတဲ့ဟာက လုပ်ကြတော့မယ်၊ ဒီလိုလုပ်ကြတော့မယ့် အခြေအနေ မျိုးမှာ သတင်းအမှန်ကိုပဲ ထုတ်လွှင့်ပြီးတော့ သတင်းအမှားထုတ်လွှင့်မှုမျိုး ဘယ်လိုသတင်းအမှားကိုမှ ကျွန်တော်တို့တွေ လက်ခံနိုင်စရာအကြောင်း မရှိဘူးလို့ပဲ ပြောချင်ပါတယ်”
ပြည်ပက ကြိုတင်မဲတွေကို သံရုံးတွေကနေ မြန်မာနိုင်ငံကိုပြန်ပို့ပြီး ရွေးကောက်ပွဲနေ့မှာမှ မဲရေတွက်မယ်ဆိုတဲ့ အချက်ကို မမေ့မလျော့ သတိပြုသင့်တယ်လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။
သတင်းမှားတွေကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဖြန့်ဝေနေသူတချို့ရှိပြီး ရွေးကောက်ပွဲအကြိုကာလ၊ မဲဆွယ်ကာလတွေမှာလည်း သတင်းတု၊ သတင်းမှားတွေက အဆက်မပြတ် ထွက်ပေါ်နေတာပါ။
မြန်မာနိုင်ငံအခြေစိုက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်တဲ့ နယူးမြန်မာဖောင်ဒေးရှင်းရဲ့ ရွေးကောက်ပွဲဆိုင်ရာ အကြံပေး ဒေါ်မြနန္ဒာသင်းက မဲဆန္ဒရှင်ပြည်သူတွေကို အသိပညာပေး လုပ်ငန်းတွေ လုပ်သင့်တယ်လို့ RFA ကို ပြောပါတယ်။
“အများကြီးတော့ သက်ရောက်မှု(Effect)အကြီးတော့ မရှိလောက်ဘူးလို့ ကျွန်မထင်တယ်၊ ဒါပေမဲ့ သို့သော်လည်းပဲ ဒီလိုမျိုးသတင်းအမှားတွေ ပျံံ့နှံ့တာတော့ မကောင်းဘူးပေါ့နော်၊ ကျွန်မတို့ကတော့ အဲလိုမျိုးပို့စ်တွေကို တွေ့တယ်ဆိုရင် ဒီဟာကတော့ မဲရဲ့သဘောကို ရှင်းပြရမှာပေါ့နော်၊ ကြိုတင်မဲဆိုတာ ဘယ်လိုပုံစံမျိုးဖြစ်တယ်ဆိုတာကို အသိပညာပေးတဲ့ဟာကိုပဲ အဓိကထားပြီး လုပ်ရမယ်ပေါ့နော်၊ အများစုကတော့ မသိကြဘူးပေါ့နော်၊ ဥပမာ လူတစ်ယောက်က ပို့စ်တင်လိုက်တယ်ဆိုရင် ကိုယ်အားပေးတဲ့ ပါတီပဲဖြစ်ဖြစ်ပေါ့နော် ဒီပို့စ်လေးတစ်ခုကို နှစ်သက်ဆိုရင် ဒီသတင်းအချက်အလက်ကို မှန်တယ်၊ မှားတယ်လို့ မဆုံးဖြတ်တော့ပဲနဲ့ ဒါအလွယ်တကူနဲ့ ရှယ်လိုက်တာပေါ့နော်၊ အဲလိုမျိုးအခြေအနေမျိုးမှာရှိတဲ့အခါဆိုတော့ အဓိကတော့ ကျွန်မတို့ ဒီအသိပညာပေးလုပ်ငန်း (Awareness)လုပ်ရမှာပေါ့နော်”
ဒီလိုကြိုတင်မဲရလဒ် သတင်းမှားတွေဟာ ရွေးကောက်ပွဲပေါ် သက်ရောက်မှုမရှိနိုင်ပေမယ့် သတင်းမှားတွေ ဖြန့်ဝေတာတော့ မဖြစ်သင့်ဘူးလို့ ဒေါ်မြနန္ဒာသင်းက ဆိုပါတယ်။
ရွေးကောက်ပွဲဆိုင်ရာဥပဒေအရ ကြိုတင်ဆန္ဒမဲပေးကြတဲ့နိုင်ငံ အသီးသီးက သံရုံးအကြီးအမှူးတွေဟာ ကြိုတင်ဆန္ဒမဲတွေကို သက်ဆိုင်ရာစာအိတ်အသီးသီးထဲမှာ လုံခြုံစွာပိတ်ထားပြီး အဲဒီစာအိတ်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပို့ရမှာဖြစ်ရပါတယ်။
အဲဒီနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကမှတဆင့် သက်ဆိုင်ရာမဲရုံတွေရှိတဲ့ မြို့နယ်၊ ရပ်ကွက်အလိုက် ရွေးကောက်ပွဲကော်မရှင်ထံ ပို့ဆောင်ရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
ကြိုတင်ဆန္ဒမဲ ရေတွက်တာကိုလည်း မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာမဲရုံမှာ ရွေးကောက်ပွဲ ကျင်းမယ့်နေ့မှာပဲ ရေတွက်ရမယ်လို့ ပြဋ္ဌာန်းထားထားပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)