ဇေယျာသီရိမြို့နယ်မှာ ကြိုတင်မဲပုံးတစ်ခု လုံခြုံရေး ကြိုးပြတ်


2020.11.04
parade-ground-622.jpg နေပြည်တော်၊ ဇေယျာသီရိမြို့နယ်က တပ်မတော်စစ်ရေးပြကွင်း အဝင်မုခ်ဦးကို ၂၀၂၀၊ နိုဝင်ဘာ ၄ ရက်နေ့က မြင်တွေ့ရစဉ်
ဓာတ်ပုံ - သီဟထွန်း/ RFA

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အနော်ရထာရပ်ကွက်က မဲရုံမှာ ကြိုတင်မဲပုံးတစ်ခုရဲ့ လုံခြုံရေးကြိုး ပြတ်တောက်ခဲ့တာကို ကော်မရှင်က စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့ ဒီနေ့မနက်ပိုင်းက စစ်ဆေးတွေရှိတဲ့အတွက် လဲလှယ်တပ်ဆင်ခဲ့ရတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်သူစိုး(ခေါ်) ဦးမောင်မောင်ကပြောပါတယ်။

ကြိုတင်မဲပုံးမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကြိုး လေးခုထဲက တစ်ခုပြတ်တောက်ခဲ့တာဖြစ်ပြီး ကြိုးတွေရဲ့ အရည်အသွေးပိုင်း အားနည်းမှုကြောင့်သာ ဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။

နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ ကိုယ်စားလှယ်တွေက ကော်မရှင်ရဲ့ အဆုံးအဖြတ်ကို အငြင်းပွားမှုမရှိဘဲ လက်ခံခဲ့တယ်လို့ ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ကပြောပါတယ်။

ဇေယျာသီရီမြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စုစုပေါင်း ရှစ်သောင်းနှစ်ထောင်ကျော် ရှိပြီး မဲပေးနိုင်တဲ့ တပ်မတော်သားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဦးရေ နှစ်သောင်းနီးပါးရှိပါတယ်။

ဇေယျာသီရိမြို့နယ်အတွင်း တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ ကြိုတင်မဲပေးရမယ့် မဲရုံ ၁၆ ခုရှိပြီး အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၇ ရက်နေ့အထိ သတ်မှတ်ထားတဲ့ ၁၀ ရက်တာကာလအတွင်း အသက် ၆၀ ကျော် အရွယ်ရှိသူတွေနဲ့ လုပ်ငန်းတာဝန်အသီးသီး ထမ်းဆောင်ရမယ့် တပ်မတော်သားတွေက ကြိုတင်မဲပေးမှာဖြစ်ပါတယ်။

ဇေယျာသီရီမြို့နယ်ဟာ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်မြေဖြစ်ပါတယ်။

အခုလ ၈ ရက်နေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာလည်း ဒီမြို့နယ်မှာ အတိုက်အခံ USDP ပါတီ  ဥက္ကဋ္ဌ ဦးသန်းဌေးနဲ့ အာဏာရ NLD ပါတီက ဒေါက်တာ မိုးဆွေတို့ ပြည်သူ့လွှတ်တော်နေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ရှိပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။