ငြိမ်းချမ်းရေးအတွက် သဘောတူညီချက် ၁၃ ချက်ရရှိထားဟု NRPC ပြောကြား


2020.08.04
peace-nrpc-622.jpg ၂ဝ၂ဝ သြဂုတ် ၄ ရက်နေ့က ကျင်းပခဲ့တဲ့ သတ္တမအကြိမ်မြောက် အစိုးရကိုယ်စားလှယ်တွေနဲ့ NCA-S EAO ကိုယ်စားလှယ်များ ညှိနှိုင်းအစည်းအဝေး။
Photo: Hla Maung Shwe/Facebook

စတုတ္ထကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံမှာချုပ်ဆိုမယ့်၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃အတွက်၊ သဘောတူညီချက် ၁၃ ချက်ရရှိထားတယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဒုဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောလိုက်ပါတယ်။

ဒီလိုသဘောတူညီချက်တွေ ရရှိရေးအတွက်၊ အစိုးရနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ၇ ကြိမ်မြောက်ဆွေးနွေးပွဲကို၊ ဒီနေ့ နေပြည်တော် NRPC ရုံးမှာကျင်းပခဲ့ပြီး၊သဘောတူညီချက် ၁၃ ချက်ရရှိထားကြောင်းNRPC ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက အဖွင့်မိန့်ခွန်းမှာ ရှင်းပြသွားပါတယ်။

အနာဂတ်အတွက် ရည်မျှော်ပြီးတော့ စေ့စပ်ညှိနှိုင်းကြတဲ့အခါမှာ စိတ်ရှည်လက်ရှည်နဲ့ သဘောထားကြီးကြီးထားပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်ရေးနဲ့ ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးကို ဦးတည်ဆွေးနွေးပေးကြဖို့ တိုက်တွန်းလိုကြောင်းလည်း ဦးထွန်းထွန်းဦးက ပြောသွားပါတယ်။

ဒီညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ်လ ၄ ရက်နေ့နဲ့ ၅ ရက်နေ့ နှစ်ရက်ကျင်းပမှာဖြစ်ပါတယ်။

ဒီနှစ်ရက်တာအတွင်းမှာ ၈ ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်ရေးအတွက် နှစ်ဖက်အဆိုပြုချက်တွေဆွေးနွေးတာ၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ မှာ ထည့်သွင်းချုပ်ဆိုမယ့်အချက်တွေ ၊ လုပ်ငန်းစဉ်တွေဆွေးနွေးတာနဲ့ ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ် အစည်းအဝေးမတိုင်မီ ကျင်းပမယ့် ဆက်စပ်အစည်းအဝေးတွေရဲ့ အချိန်ဇယား သဘောတူညီချက်ရယူတာတွေကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒီနှစ်ရက်တာ ဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကိုတော့ လာမယ့် သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်မှာကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အကြီးအကဲတွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကိုတင်ပြပြီး အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။