ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်း တစ်ခုလုံး AA ထံလက်နက်ချ
2023.11.13
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝရွာရဲစခန်းက စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဆယ်ခန့်ဟာ နိုဝင်ဘာလ ၁၃ ရက် ဒီနေ့နေ့လယ် ၁၂ နာရီခွဲမှာ ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ခဲယမ်းတွေနဲ့အတူ လက်နက်ချခဲ့ကြောင်း ကိုယ်တိုင်တွေ့ခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ခဲ့တာမရှိသလို အပေါက်ဝရွာရဲစခန်းရှေ့မှာ AA ဘက်က ကားကြီးတစ်စီး လာရပ်ပြီး စခန်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေအကုန်လုံး ကားပေါ်တက်လိုက်သွားတာ တွေ့လိုက်ရတယ်လို့ ကိုယ်တိုင်တွေ့ခဲ့တဲ့ ရွာခံတစ်ဦးက RFA ကိုပြောပါတယ်။
"ဟုတ်ပါတယ်။ လက်နက်တွေပါ အားလုံးပါသွားတယ် ကားပေါ်မှာ။ အားလုံး သုံးဆယ်နီးပါးလောက်ရှိမယ်၊ စခန်းမှူးအပါအဝင်ဆိုရင်။ ဖြစ်စဥ်ကတော့ ဘာတစ်ခုမှမဖြစ်ဘဲ ကားကဝင်လာပြီးတော့ စခန်းရှေ့မှာကားက ရပ်ထားတယ်။ ကားရပ်ထားပြီးတော့ ဒီအတိုင်းခေါ်ပြီးတော့ တင်ယူသွားတာပါ"
ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ မိသားစုဝင် အမျိုးသမီးတွေနဲ့ ကလေးတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။
နောက်ထပ် အပေါက်ဝရွာခံတစ်ဦးကလည်း ရဲတပ်ဖွဲ့ဝင်တွေ မိသားစုလိုက် AA ထံ လက်နက်ချ၊ လိုက်ပါသွားတာ မှန်ကန်ပြီး လက်ရှိ အဲဒီအပေါက်ဝရဲစခန်းကို AA က ရှင်းလင်းရေးလုပ်နေတယ်လို့ RFA ကို ပြောပါတယ်။
"သူတို့ကို အေးဆေးခေါ်သွားတယ်။ အခုကတော့ အဲဒီစခန်းကို AA က အားလုံး ရှင်းလင်းရေး လုပ်နေကြတယ်။ ရှင်းလင်းရေးလုပ်နေတယ်ဆိုတာက စခန်းကိုဖြိုတဲ့ အဆင့်ထိတော့ မဟုတ်။ သူတို့မှာ ဘာတွေကျန်ခဲ့လဲ အားလုံး မှတ်တမ်းမှတ်ရာတွေ ယူတယ်ပေါ့။ ဥပမာ နွားတွေကျန်ခဲ့မယ်။ ကြက်တွေကတော့ အများကြီး ဒီအတိုင်းပဲ"
အပေါက်ဝရွာဟာ ရန်ကုန် - စစ်တွေ အာရှကားလမ်းမကြီးပေါ်မှာရှိတဲ့ တိုက်နယ်အဆင့် ရွာကြီးဖြစ်ပါတယ်။
ကျောက်တော်မြို့နယ်ထဲမှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်တာ မရှိသေးဘဲ အခုလို ရဲစခန်းတစ်ခုလုံး လက်နက်ချသွားတာပဲ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အပေါက်၀ရဲစခန်းတစ်ခုလုံး လက်နက်ချတဲ့အပေါ် စစ်ကောင်စီဘက်ကရော AA ဘက်ကပါ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ရသေ့တောင်မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ ဒီနေ့မနက်ပိုင်း တိုက်ပွဲတွေ ပြန်စဖြစ်နေပါတယ်။
စစ်ကောင်စီတပ်ကလည်း စစ်တွေ-ရန်ကုန်ကားလမ်းမ စစ်တွေမြို့၀င်ဂိတ်နဲ့ ကျောက်တန်း စစ်ဆေးရေးဂိတ်ကို ပိတ်ထားပါတယ်။