လက်ပံတောင်းစီမံကိန်း ရပ်တန့်ပေးဖို့ AI အဖွဲ့တောင်းဆို


2015.02.10
lpt-620.jpg မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါး လီမိတက်က လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပုံ
Photo: RFA

တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်ကုမ္ပဏီအနေ နဲ့ မြန်မာနိုင်ငံက လက်ပံတောင်း ကြေးနီစီမံကိန်းကို ချက်ချင်းရပ်တန့်ပေးဖို့ ဗြိတိန်အခြေစိုက် လူ့အခွင့် အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး AI က တောင်း ဆိုလိုက်ပြီး ကနေဒါ၊ တရုတ်နဲ့ ဗြိတိန်အစိုးရတွေအနေနဲ့ ဒီစီမံကိန်းနဲ့ပတ်သက်လို့ ဒေသခံတွေရဲ့ လူ့အခွင့် အရေးတွေ ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းဖော်ထုတ်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

လက်ပံတောင်းစီမံကိန်းဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုှပ်နှံမယ့် နိုင်ငံခြားရင်းနှီးမြုှပ်နှံမှုတွေအတွက် သတိထားလေ့လာသင့်တဲ့ နမူနာတစ်ခုဖြစ်ပြီး အကျိုးအမြတ်ကိုသာကြည့်တဲ့ စီမံကိန်းကြီးတွေဟာ လူ့အခွင့်ရေး ချိုးဖောက်မှုတွေစွန်းထင်းနေပြီး ဒေသခံ လူ့အဖွဲ့အစည်းတွေဟာလည်း အစိတ်စိတ်ပြိုကွဲကြရတယ်ဆိုတာကို မီးမောင်းထိုးပြနေကြောင်း AI အဖွဲ့ကြီးရဲ့ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ “မြန်မာကြေးနီစီမံကိန်းက လူ့အခွင့်ရေးချိုးဖောက်မှုများ” အစီအရင်ခံစာ မှာ ဖော်ပြထားပါတယ်။

အာဏာပိုင်တွေအနေနဲ့ ပျက်စီးတဲ့သီးနှံတွေအတွက် လျော်ကြေးပေးပြီး အဲဒီလျော်ကြေးတွေနဲ့ မြေယာတွေကို လှည့်စားသိမ်းယူတာတွေလည်းရှိကြောင်း အစီအရင်ခံစာမှာ စွပ်စွဲထားပါတယ်။ တရုတ်ဝမ်ပေါင်ကြေးနီ ကုမ္ပဏီကို နေရာပေးဖို့အတွက် အတင်းအကြပ်ရွေ့ပြောင်းခိုင်းခဲ့တာကို မိသားစုရာပေါင်းများစွာက ဆန္ဒပြ ကန့်ကွက်ခဲ့ကြောင်း၊ ၂ဝ၁၂ က ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို နှိမ်နင်းရာမှာ မီးစုန်းဓာတ်ပါတဲ့ လက်နက်တွေကို အသုံးပြုခဲ့သလို ဒီလက်နက်တချို့ကို ဝမ်ပေါင်ကုမ္ပဏီပိုင်နယ်မြေထဲကနေ ပစ်ခတ်ခဲ့တာလည်းရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားသူပုန်တွေအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတဲ့ အတွက် စစ်ပြေးဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံထဲကို ခိုလှုံဝင်ရောက်လာမှာကို စိုးရိမ် ပူပန်ကြောင်း တရုတ်အစိုးရက ဒီကနေ့ ပြောလိုက်ပါတယ်။

မြန်မာအစိုးရတပ်တွေဟာ တရုတ်နယ်စပ်အနီး ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသမှာ MNDAA တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။

တရုတ်အစိုးရဟာ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး၊ မြန်မာအစိုးရအနေနဲ့ နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်အောင် အားစိုက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရအမျိုးသမီး Hua Chunying က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။