ဒုက္ခသည်တွေ ကယ်ဆယ်ရေး ဦးဆောင်ဆန္ဒပြသူ ၃ ဦး အမှုကို ရုပ်သိမ်းပေးဖို့ AI နဲ့ CIVICUS တောင်းဆို
2018.10.15

တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေ လွတ်မြောက်ရေးအတွက် မြစ်ကြီးနားမြို့မှာ ဆန္ဒပြခဲ့ရာမှာ ဦးဆောင်ခဲ့တဲ့အတွက် ကချင်တိုင်းရင်းသားနိုင်ငံရေးလှုပ်ရှားသူ ၃ ဦး အပေါ် အသရေဖျက်မှု ပုဒ်မ ၅၀၀နဲ့ အမှုဖွင့် အရေးယူထားတာကို ပြန်ရုပ်သိမ်းပေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး AI နဲ့ ပြည်သူများအရေး ကမ္ဘာ့မဟာမိတ်အဖွဲ့ဖြစ်တဲ့ CIVICUS (စီဗစ်ကပ်စ်) အဖွဲ့တို့က မြန်မာအာဏာပိုင်တွေကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
ဒေါ်နန်ပူ၊ ဦးဇော်ဂျတ် နဲ့ ဦးလွမ်းဇောင်းတို့ဟာ စစ်ဘေးဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလဆန်းပိုင်းတုန်းက ဦးဆောင်ဆန္ဒပြခဲ့တာပါ။ အဲဒီလိုဆန္ဒပြရာမှာ သုံးနှုန်းခဲ့တဲ့ စကားလုံး အသုံးအနှုန်းတွေဟာ တပ်မတော်ကို ထိခိုက်စေတယ်ဆိုပြီး မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက အသေရေဖျက်မှုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
အဲဒီလို အမှုဖွင့်အရေးယူထားတာနဲ့ မကြာခင်က သတင်းထောက်တွေကို နိုင်ငံရေးပုဒ်မတွေသုံးပြီး ဖမ်းဆီးထောင်ချနေတာတွေကို ကြည့်ရင် မြန်မာနိုင်ငံဟာ တိုက်ရိုက် စစ်အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်းများစွာ ကျရောက်ခဲ့စဉ်က နည်းစနစ်တွေကို ပြန်ကျင့်သုံးနေတယ်ဆိုတာ စိုးရိမ်စရာတွေရှိတယ်လို့လည်း အဖွဲ့ ၂ ဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
သူတို့ ၃ ဦးထဲက ဦးလွမ်းဇောင်း နဲ့ ဦးဇော်ဂျတ်ဟာ မြစ်ကြီးနားမြို့နယ်တရားရုံးက ပုဒ်မ ၅၀၀ နဲ့ စွဲချက်တင်တာကို ရုပ်သိမ်းပေးဖို့ ကချင်ပြည်နယ် တရားလွှတ်တော်ထံ အယူခံတင်ထားတာကို ဒီနေ့မှာပဲ တရားလွှတ်တော်က ပယ်ချလိုက်ပါတယ်။