သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် ချင်းကလေး ခုနစ်ဆယ်ကျော်သေဆုံး

RFA Burmese
2024.09.20
သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် ချင်းကလေး ခုနစ်ဆယ်ကျော်သေဆုံး မင်းတပ်မြို့နယ်၊ တိုက်နယ် (၁၃) ရှိ အောက်ချိုင်ကျေးရွာအား စစ်ကောင်စီမှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က ဗုံးကြဲခဲ့သည်ကို တွေ့ရစဉ်။
မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း ဓာတ်ပုံ

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း တိုင်းနဲ့ ပြည်နယ် သုံးခုမှာ နေထိုင်တဲ့ ချင်းကလေး ၇၃ ဦးဟာ စစ်ကောင်စီတပ်ကြောင့် အသက်သေဆုံးရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က RFA ကို ပြောပါတယ်။

သေဆုံးတဲ့ကလေး အများစုဟာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းကဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးသွားတာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ စီမံအရာရှိ ဆလိုင်းမန်ဟရဲလျန်က RFA ကို ပြောပါတယ်။

"အဓိက စစ်ကောင်စီ လက်နက်ကြီးကြောင့်၊ လေကြောင်းပစ်ခတ်မှုကြောင့် စစ်လက်နက် အကြွင်းအကျန် ပစ္စည်း မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတာတွေပြုစုထားတာ၊ မင်းတပ်မြို့ မှာ သေဆုံးတာများတယ်၊ ဒီထဲမှာလည်း ၂၀၂၄ နှစ်စပိုင်းက ပလက်ဝမှာ လေကြောင်းကြောင့် ကလေးငယ်သေဆုံးတာတွေလည်း ပါဝင်တယ်"

စစ်ကောင်စီတပ်ရဲ့ ရာဇဝတ်ကျူးလွန်မှုတွေကို နိုင်ငံတကာတရားရုံးတွေမှာ တရားဆွဲနိုင်ဖို့ CHRO အနေနဲ့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်က ဒေသခံတွေဟာ တိုက်ပွဲကြောင့် ပြည်တွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲဝန်းကျင်ရှိတယ်လို့ CHRO က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် ကလေး ၆၂၄ ဦး သေဆုံးတယ်လို့ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။