MNDAA သိမ်းပိုက်ထားတဲ့ သိန္နီမြို့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံရ

RFA Burmese
2024.10.10
MNDAA သိမ်းပိုက်ထားတဲ့ သိန္နီမြို့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံရ လားရှိုးမြို့အား စစ်ကောင်စီတပ်မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တရုတ်ဘုံကျောင်းတစ်ခုကို တွေ့ရစဉ်။
Facebook/လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ Photo

ကိုးကန့်တပ်မတော် (MNDAA) သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၀ ရက် ဒီမနက် ၃ နာရီခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သိန္နီမြို့အထွက်မှာရှိတဲ့ မန်ချက်ရွာက ငါးမွေးမြူရေးကန်အနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မန်ချက်ရွာနားက ငါးမွေးတဲ့အိမ်ကို လာကြဲသွားတယ်ဗျ။ အိမ်နှစ်လုံးပျက်စီးသွားတယ်။ လူတော့ ထိခိုက်တာ မသိရသေးဘူး။ မြို့အထွက်ဘက်ဖြစ်နေတော့ ကျွန်တော်တို့ သွားမကြည့်ရဲသေးဘူး”

သိန္နီမြို့ကို လေကြောင်းတိုက်ခိုက်မှု မရှိတာ တစ်လခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိမှာ တိုက်ခိုက်မှုတွေ ပြန်ရှိလာတာကြောင့် မြို့ခံတွေ စိုးရိမ်နေသလို မြို့အတွင်း အသွားအလာတွေ နည်းသွားတယ်လို့ သူက ပြောပါတယ်။

အောက်တိုဘာလ ၉ ရက် မနေ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ် ရှန်းတောရွာက သကြားစက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ နှစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မိုင်းရယ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဩဂုတ်လဆန်းပိုင်းက မိုင်းရယ်မြို့နယ် ဟိုယရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ MNDAA တပ်ဖွဲ့တို့ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်ကလည်း မိုင်းရယ်မြို့နယ်ထဲ စစ်အင်အားတွေ ပို့ဆောင်နေတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာလည်း အောက်တိုဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သီလရှင်တစ်ပါး ပျံလွန်ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ သီပေါမြို့ ခလရ-၂၃ တပ်ရင်းအနီးမှာတော့ အောက်တိုဘာလ ၁၀ ရက်နေ့ ဒီမနက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။