လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းလှမြို့နယ်မှာ ဒေသခံ ရှစ်ထောင်ခန့် ထွက်ပြေးနေရ

RFA Burmese
2023.12.12
လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းလှမြို့နယ်မှာ ဒေသခံ ရှစ်ထောင်ခန့် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်ရွာအနီးကို ဒီဇင်ဘာ ၁၂ ရက်ဒီနေ့ နေ့လယ် ၁၁ နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာလေးရွာက ဒေသခံ ရှစ်ထောင်နီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းပစ်ခတ်မှုကြောင့် လိပ်ဆင်းတောင်ရွာက နေအိမ်နှစ်ဆယ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး အင်လှရွာ၊ တပုတောရွာနဲ့ အောင်ချမ်းသာရွာက ဒေသခံတွေပါ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်တာ မရှိဘဲ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စီးနဲ့ မိနစ်သုံးဆယ်နီးပါး ပစ်ခတ်ခဲ့တာလို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ဒေသခံတွေ ထိခိုက်တာမရှိပေမယ့် လိပ်ဆင်းတောင်ရွာက နေအိမ်နှစ်ဆယ် လောက်တော့ ပျက်စီးပါတယ်။ ကုန်ကားနှစ်စီးလည်း ပျက်စီးသွားတယ်။ ပစ်ခတ်ချိန်မှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ သူတို့ဘက်က ပစ်ချင်လို့ကို လာပစ်တာပါ၊ ပစ်တဲ့ အချိန်မှာတော့ ဒေသခံတွေက ဝရုန်းသုန်းကား ထွက်ပြေးကြရပေမယ့် ထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူးပေါ့"

လိပ်ဆင်းတောင်ရွာမှာ အိမ်ခြေလေးရာခန့်၊ အင်လှရွာမှာ အိမ်ခြေလေးရာခန့်၊ တပုတောရွာမှာ အိမ်ခြေနှစ်ရာခန့်နဲ့ အောင်ချမ်းသာရွာမှာ အိမ်ခြေနှစ်ရာကျော်ရှိပြီး စုစုပေါင်းလူဦးရေ ရှစ်ထောင်နီးပါး နေထိုင်ကြတာလို့ ဆိုပါတယ်။

ဒေသခံတွေအားလုံးကတော့ လေကြောင်းကနေ ထပ်မံပစ်ခတ်ခံရမှာ စိုးရိမ်တာကြောင့် နေအိမ်တွေဆီကို မပြန်ရဲကြသေးဘဲ တောင်ယာတွေထဲမှာပဲ ဖြစ်သလိုနေထိုင်နေကြရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သန်းကျော်လာပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။